Home
မြန်မာသတင်း
မြိုင်မြို့နယ်က ဆီခြံနှင့်ရေနံတွင်းများကို စစ်ကောင်စီတပ် မီးရှို့၊ သိန်း ၆၀၀၀ ကျော်ဖိုး ဆုံးရှုံး
DVB
·
January 24, 2022

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်မှာ ဇန်နဝါရီ ၂၃ ရက်နေ့ မနက်ပိုင်းက ရေနံအရောင်းဝယ်ပြုလုပ်တဲ့ ဆီခြံ ၆ ခြံနဲ့ ရေနံတွင်းတွေကို စစ်ကောင်စီတပ်တွေက မီးရှို့ ဖျက်ဆီးခဲ့တာကြောင့် ကျပ်သိန်း ၆၀၀၀ ကျော်ဖိုးလောက် ဆုံးရှုံးခဲ့တယ်လို့ ရေနံလုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။

မြိုင်မြို့နယ် ကြက်ဆူအိုင် ရေနံမှော်နားက ရေနံအရောင်းဝယ်လုပ်တဲ့ ဆီခြံ ၆ ခြံကို မနေ့ မနက် ၁၀ နာရီလောက်နဲ့ ရေနံတွင်း ၁၀ တွင်းလောက်ကို ညနေပိုင်းတွေမှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တာ ရေနံလုပ်ငန်းရှင်တစ်ယောက်က ဒီဗွီဘီကို ပြောပါတယ်။

ဆီခြံတစ်ခြံကို အဆောက်ဦတွေရော ပစ္စည်းတွေရော သိန်း ၁၀၀၀ ကျော်ဖိုးလောက်ရှိတယ်။ ခြံတစ်ခြံကဆိုရင် ကျပ်သိန်း ၆၀၀ လောက်တန်တဲ့ ဆီဘောက်ဆာ နောက်တွဲ အလုံးတစ်လုံးကို မီးရှို့ဖျက်ဆီးသွာကြတယ်လို့ ဆိုပါတယ်။

ပေါက်မြို့နယ် သရက်ကန်ရေနံမှော်မှာလည်း စစ်ကောင်စီတပ်တွေက တွင်းပိုင်တစ်ယောက်ကို ကျပ်သိန်း ၅၀ တောင်းပြီး မပေးတဲ့ တွင်းတွေကို ဒီကနေ့မနက် မီးရှို့ဖျက်ဆီးနေတယ်လို့ သရက်ကန်ရေနံမှော်က ရေနံတွင်းပိုင်ရှင်တစ်ယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်က ရေနံမှော်တွေကို ဇန်နဝါရီ ၁၆ ရက်နေ့ကတည်းက စစ်ကြောင်းထိုးပြီး ရေနံတွင်းတွေနဲ့ ဆီခြံတွေကို မီးရှို့ဖျက်ဆီးနေကြတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာကြောင့် ရေနံလုပ်ငန်းရှင်တွေဟာ ဆီခြံတွေမှာ အစောင့်လောက်ပဲ ထားခဲ့ကြပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024