ရန်ကုန်တိုင်း နယ်နိမိတ်ပြင်ပနဲ့ ပြည်နယ်တိုင်းတွေကို သွားမယ့် အဝေးပြေးယာဉ်နဲ့ ကုန်တင်ကားတွေအနေနဲ့ ဖေဖော်ဝါရီ ၁ ရက်ကစပြီး သတ်မှတ်လမ်းကြောင်းတွေအတိုင်း မောင်းနှင်ရမယ်လို့ စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC က ညွှန်ကြားလိုက်ပါတယ်။
အခုလို သတ်မှတ်လမ်းကြောင်းတွေအတိုင်း သွားလာစေတာက အမှတ် ၃ လမ်းမကြီးနဲ့ ခရေပင်လမ်းဆုံ မီးပွိုင့်ရဲ့ ယာဥ်ကြောတွေ ပိတ်ဆို့ကျပ်တည်းနေမှုကို လျှော့ချဖို့လို့ ဆိုပါတယ်။
အဝေးပြေးကားတွေကို လမ်းကြောင်းသုံးခုခွဲပြီး သွားလာစေဖို့ စစ်ကောင်စီက ညွှန်ကြားထားတာလို့ ဆိုပါတယ်။
အောင်မင်္ဂလာအဝေးပြေး၀င်းက ထွက်တဲ့ Express အဝေးပြေးကားတွေ (ကုန်တင်ယာဥ်များမပါ) အနေနဲ့ ခရေပင်လမ်းဆုံကနေ ပြည်လမ်းအတိုင်း ထွက်ကာ အမြန်လမ်းကို အသွား/အပြန် မောင်းနှင်ရမယ်လို့ သတ်မှတ်ထားပါတယ်။
အင်းစိန်ဘက်က ထွက်တဲ့ အဝေးပြေး ကုန်တင်/ကုန်သေတ္တာတင်ကားတွေကတော့ အမှတ်(၄) လမ်းမကြီး−လှော်ကား−ထောက်ကြံ့မြို့ပတ်လမ်းကတဆင့် ရန်ကုန်−ပဲခူး လမ်းဟောင်းအတိုင်း အသွား၊ အပြန် မောင်းနှင်ရမယ်လို့ ဆိုထားပါတယ်။
ရန်ကုန်တိုင်းနယ်နိမိတ်အတွင်း ပုံမှန်သွားလာနေတဲ့ ကုန်တင်ကားနဲ့ ကုန်သေတ္တာကားတွေ၊ သီလဝါနဲ့ အရှေ့ဒဂုံဘက်ကနေ ဇေကမ္ဘာစက်မှုဇုန်ကတဆင့် ထွက်ခွာလာတဲ့ အဝေးပြေး ကုန်တင်နဲ့ ကုန်သေတ္တာတင်ကားတွေ၊ မော်လမြိုင်-ရေး-ထားဝယ်-မြိတ်-တနင်္သာရီနဲ့ ကော့သောင်း သွားမယ့် အဝေးပြေးအိတ်စ်ပရက်စ်ကားတွေအနေနဲ့ အမှတ် ၃ လမ်းကတဆင့် ပဲခူးလမ်းဟောင်းအတိုင်း အသွားအပြန် မောင်းနှင်ရမယ်လို့ သတ်မှတ်ထားပါတယ်။
သတ်မှတ်လမ်းကြောင်းအတိုင်း သွားလာခြင်း ရှိ၊ မရှိကိုတော့ မြို့နယ်အဆင့်စစ်ဆေး အရေးယူရေး ဆပ်မတီတွေက အလှည့်ကျ စစ်ဆေးကြပ်မတ်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ထည့်သွင်းထားပါတယ်။