Home
မြန်မာသတင်း
ချင်းတွင်းမြစ်အတွင်း စစ်ရေယာဉ်အုပ်စုကို PDF က ပစ်ခတ်တိုက်ခိုက်
DVB
·
January 22, 2022

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အလုံ-မင်းဒေါင့်ဆိပ်ကမ်းကနေ ဇန်နဝါရီ ၂၂ ရက် မနက်က ချင်းတွင်းမြစ်အထက်ပိုင်းကို ဆန်တက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ ရေယာဉ်တွေကို  နေရာစုံကနေ တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူကာကွယ်ရေးအဖွဲ့ထံက  သိရပါတယ်။

အဆိုပါ စစ်ကောင်စီမော်တော်အုပ်စုမှာ  ကုန်တင်ရေယာဉ် ၆ စီးနဲ့ လူစီးအမြန်ရေယာဥ် ၂ စီးတို့ ပါဝင်ပြီး စုစုပေါင်း ၈ စီးရှိတယ်လို့ သိရပါတယ်။

အဲဒီ စစ်ရေယာဥ်အုပ်စုကို ဒေသခံ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ချင်းတွင်းမြစ်ကမ်းဘေးအရှေ့ဘက်၊ အနောက်ဘက်ကနေ ပစ်ခတ်ခဲ့တယ်လို့လည်း သိရပါတယ်။

ကနီမြို့နယ်ဒေသခံပကဖအဖွဲ့နဲ့ ဒေါင်းနီပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး နောက်ထပ်တစ်နေရာကနေ ထပ်မံ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ ဖလက်ခွန်တစ်စီး မီးစွဲလောင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ရေယာဉ် အုပ်စုကလည်း ချင်းတွင်းမြစ်ကမ်းဝဲယာရှိ ကျေးရွာတွေကို  တရစပ် လက်နက်ကြီးငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။  ကနီမြို့နယ် မုဌောအရှေ့ရွာအရောက်မှာ ကမ်းကပ်ရပ်နားကာ မုဌောကျေးရွာ ရေလုပ်ငန်းအများစု နေထိုင်ရာ နေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

အခုလိုစစ်ကောင်စီတပ်တွေ ကျေးရွာတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ဒေသခံ ရွာသား ၇၀၀ ကျော်ဘေးလွတ်ရာကို ရှောင်တိမ်းနေရတယ်လို့ သိရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024