စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်မှာရှိတဲ့ ရဲစခန်း ၂ ခုကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက ဇန်နဝါရီ ၂၂ ရက် ဒီနေ့မနက်က ဝင်ရောက်စီးနင်းခဲ့ရာမှာ ရဲတချို့ ထွက်ပြေးသွားပြီး တချို့ အဖမ်းခံရတယ်လို့ သိရပါတယ်။
ဖောင်းပြင်မြို့နယ် ရေအောက်သောင်းရဲစခန်းနဲ့ မိုင်းတောင်းရဲစခန်းကို ဖောင်းပြင်PDFနဲ့ မြို့နယ်ပခဖ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ဖောင်းပြင်မြို့နယ် ပခဖ တာဝန်ခံက “အခုမနက် ၃ နာရီလောက်မှာ ဖောင်းပြင်မြို့နယ်ရှိတဲ့ ရဲစခန်း နှစ်ခုကို တပြိုင်င်တည်း ဝင်ရောက်စီးနင်းတယ်။ ရေအောက်သောင်းရဲစခန်းနဲ့ မိုင်းတောင်းရဲစခန်းကို ဝင်ရောက်တိုက်ခိုက်တယ်။ အဲဒီရှိတဲ့ ရဲအချို့ ထွက်ပြေးတယ်။ အရှင်မိတဲ့ရဲတွေ ပါတယ်။” လို့ ပြောပါတယ်။
အဆိုပါစီးနင်းတိုက်ခိုက်မှုမှာ အသေအပျောက်တော့ မသိရသေးပါဘူး။ မိုင်သောင်းရဲစခန်းက ရဲ ၂ ယောက်ဖမ်းဆီးခံရပြီး ရေအောက်သောင်းရဲစခန်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း ပြောပါတယ်။
ဖောင်းပြင် ရဲစခန်းတွေ စီးနင်းတိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်တာမရှိသေးပါဘူး။