Home
မြန်မာသတင်း
စစ်ကောင်စီတပ် အင်အားယုတ်လျော့သွားစေရန်မြို့ပြပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်နေခြင်းဖြစ်ဟု KDF ပြော
DVB
·
January 22, 2022

ကယား (ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့တော်လိုနေရာမှာ  ပြောက်ကျားစနစ်နဲ့ တိုက်ပွဲဖော်နေတာနဲ့ပတ်သက်လို့ ဝေဖန်မှုတချို့ရှိပေမယ့် စစ်ကောင်စီရဲ့ ရှိနေတဲ့အင်အားတွေကို တဖြည်းဖြည်းချင်း ယုတ်လျော့သွားအောင်  အခုလိုမျိုး တိုက်ပွဲဖော်နေရတာဖြစ်တယ်လို့ KDF တာဝန်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်တွေကတည်းတတည်းက လွိုင်ကော်မြို့ပေါ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်တွေနဲ့  ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွား နေရာမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် မှုတွေလည်း ပြုလုပ်ခဲ့တာပါ။ 

မြို့ပေါ်မှာ တိုက်ပွဲဖော်ရာမှာ နိုင်နိုင်မယ့်နေရာ၊ ပြည်သူလူထုအထိအခိုက်အနည်းဆုံးရှိမယ့်နေရာကို သေချာတွက်ချက်ပြီးမှ ဖော်ဆောင်တာဖြစ်ပြီး တိုက်ပွဲတွေအများစု အောင်မြင်ထားတယ်လို့  KDFပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

“ဒါက အရေးကြီးတဲ့အခန်းကဏ္ဍ တစ်ခုမှာရှိတယ်။ မြို့ပြပြောက်ကျားဆိုတာက သူတို့ရဲ့ အကြောက်ဆုံးဗျူဟာတစ်ခုပဲ။ မြို့ပြပြောက်ကျားဆိုတာက ကျနော်တို့ နိုင်မယ့်နေရာကိုပဲ ရွေးတိုက်တာ။ အဲဒီတော့ နိုင်နိုင်မယ့်နေရာ၊ သူတို့အားနည်းချက်ရှိတဲ့နေရာကို ကျနော်တို့က လေ့လာတယ်၊ စုံစမ်းတယ်၊ စောင့်ကြည့်တယ်။ သေချာပြီဆိုမှ ကျတော်တို့ Plan သေချာချပြီးတော့ ကျနာ်တို့လုပ်တယ်။ သူတို့ရဲ့ အားနည်းချက်ရှိတဲ့နေရာကိုပဲ ရွေးတိုက်တယ်၊ နိုင်မယ့်နေရာကိုပဲ ရွေးတိုက်တယ်ဆိုတော့ မြို့ပြပြောက်ကျားရဲ့ အသုံးဝင်မှုက အရေးကြီးတဲ့ အခန်းကဏ္ဍမှာရှိတယ်။ ကျနော်တို့ မြို့ပြပြောက်ကျားတိုက်ပွဲတွေမှာ ၈၀ ရာခိုင်နှုန်း ၉၀ ရာခိုင်နှုန်းလောက်အထိ အောင်မြင်မှုရှိပါတယ်။”

အခုလိုမျိုး မြို့ပေါ်တိုက်ပွဲဖြစ်ပွားတာနဲ့ပတ်သက်ပြီး လူထုထိခိုက်မှုရှိနေတာကြောင့် ဝေဖန်မှုတချို့တော့ရှိနေတာပါ။ 

ပေါ်ရပ်ကွက်တွေအတွင်း ပြည်သူလူထုထိခိုက်မှုရှိနေတာ၊ လူထုရဲ့ အိုးအိမ်တွေ ပျက်စီးမှုတချို့ရှိနေတာဟာ စစ်ကောင်စီဘက်က ရမ်းသန်းပစ်ခတ်မှုတွေကြောင့် ဖြစ်ပေမယ့် လူထုရဲ့နစ်နာမှုအတွက် တောင်းပန်ကြောင်းနဲ့ နားလည်ပေးဖို့ကိုလည်း KDFတာဝန်ရှိသူက ပြောပါတယ်။

“အဲဒီလိုထိခိုက်တာကလည်း သူတို့က ရမ်းသန်းပစ်ခတ်တာကြောင့် ထိခိုက်တာ။ အဲဒီနေရာမှာ ကျနော်တို့ ပြည်သူလူထုကို အကူအညီတောင်းချင်တာကတော့ ကျနော်တို့က အကြမ်းဖက်မဟုတ်ပါဘူး။ ကျနော်တို့က  ပြည်သူ့ကာကွယ်ရေးတပ်သားတွေဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကိုလည်း ကာကွယ်မယ်လို့ ကတိသစ္စာအဓိဋ္ဌာန်ပြုထားတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့လှုပ်ရှားနေတဲ့အချိန်မှာ  ထိခိုက်ပျက်စီးမှုတွေရှိခဲ့လို့ရှိရင် ကျနော်ဒီကနေပဲ လေးလေးနက်နက်တောင်းပန်ချင်ပါတယ်။”

အခုလိုမျိုး မြို့ပေါ်တိုက်ပွဲတွေမှာ KNPP မပါဝင်ပေမဲ့ နည်းစနစ်နဲ့ ထောက်ပံ့မှုတချို့ရှိနေပြီး အဲဒီတိုက်ပွဲတွေဟာ လူထုထဲကထွက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ တိုက်ပွဲ၊ လူထုတိုက်ပွဲဖြစ်တယ်ဆိုတာကို သိရှိဖို့လိုတယ်လို့ KNPPအတွင်းရေးမှူး (၁)ခူဒယ်နီယာယ်က ပြောပါတယ်။

''တိုက်နေတယ်ဆိုတာက KNPPမဟုတ်ဘူး။ လူထုတစ်ရပ်လုံးက တိုက်နေတာ။  အခုမြို့ထဲမှာ တိုက်နေတာကလည်း လူထုထဲကထွက်လာတဲ့ PDFတို့ KNDFတို့က တိုက်နေတာ။ ကျနော်တို့က နည်းစနစ်ပေးတယ်။ လိုအပ်တဲ့အကူအညီတွေ ပံ့ပိုးပေးတယ်။ အဲဒီလောက်ပဲ။ ကျနော်တို့ကိုယ်တိုင် ဝင်တိုက်နေတာမဟုတ်ဘူး။ အဲဒီတော့ KNPPကို ဝေဖန်လို့တော့မရဘူးပေါ့နော်။ နောက်တစ်ခုက လူထုအားလုံးသိရမှာက ဒါက လက်နက်ကိုင်တိုင်းရင်းအဖွဲ့အစည်းတွေရဲ့ တော်လှန်ရေးမဟုတ်ဘူး။ လူထုတစ်ရပ်လုံးရဲ့ တော်လှန်ရေးဖြစ်တယ်။ လူထုနဲ့ စစ်ကောင်စီနဲ့တိုက်နေတာ။”

လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တွေကြားတိုက်ပွဲတွေဟာ နေ့စဉ် နေ့တိုင်းရှိနေပြီး ကရင်နီပြည်နယ်မှာ စစ်ကောင်စီအနေနဲ့ သူတို့အထိုင်ချထားတဲ့ တပ်စခန်းတွေ ရုံးတွေနေရာတွေကလွဲလို့ သူတို့ရဲ့ ထိန်းချုပ်နိုင်မှုက မရှိသလောက်ဘဲလို့ KNPPအတွင်းရေးမှူး (၁) ခူးဒယ်နီယာယ်က ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024