နော်ဝေတွင် လူ ၇၇ ဦးသတ်ခဲ့သူ ထောင်ထဲ၌ ဆက်လက်နေရဖွယ်ရှိ

၂၀၁၁ ခုနှစ်က နော်ဝေနိုင်ငံမှာ လူ ၇၇ ယောက်ကို သတ်ခဲ့ပြီး နောက်ထပ် ဒါဇင်ချီတဲ့ လူတွေကို သေရာပါ ဒဏ်ရာတွေ ပေးခဲ့တဲ့ အန်ဒရေ ဘာရင်း ဘရေဗစ်ခ်ဟာ ထောင်ထဲမှာ နေစဉ်ကာလ ပြုပြင်ပြောင်းလဲမှု မရှိခဲ့တာကြောင့် ထောင်ထဲမှာ ဆက်ထားသင့်တယ်လို့ အစိုးရရှေ့နေက ဇန်နဝါရီ ၂၀ ရက် လွတ်ငြိမ်းချမ်းသာခွင့် ကြားနာပွဲမှာ ပြောလိုက်ပါတယ်။

ဘရေဗစ်ဟာ စစ်မှန်တဲ့ နောင်တနဲ့ စာနာမှုကို မပြခဲ့ဘူးလို့ အစိုးရရှေ့နေ ဟူလ်ဒါ ကားစ်ဒေါ့တီယာက ၃ ရက်ကြာ တရားရုံးကြားနာပွဲ အဆုံးသတ်မှတ်ချက်မှာ ပြောပါတယ်။

မွတ်စလင် ဆန့်ကျင်ရေး နာဇီလက်သစ်ဝါဒီ ဘရေးဗစ်ဟာ အော့စလိုမြို့တော်မှာ ကားဗုံးတလုံးနဲ့ လူ ၈ ယောက်ကို သတ်ခဲ့ပြီး နောက်ထပ် လူ ၆၉ ယောက်ကို သေနတ်နဲ့ ပစ်သတ်ခဲ့တာပါ။

သေဆုံးဒဏ်ရာရသူ အများစုဟာ လူငယ်တွေဖြစ်ပြီး နော်ဝေမှာ ငြိမ်းချမ်းတဲ့ ခေတ်အတွင်း အဆိုးဆုံး ရက်စက်မှု ဖြစ်လာခဲ့ပါတယ်။

သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ခံရပြီး သေရာပါ ဒဏ်ရာရခဲ့ပေမယ့် အသက်ရှင် ကျန်ရစ်သူ ၃၃ ယောက်ရဲ့ အမှုတွဲ အသေးစိတ်မှတ်တမ်းကို ကြာသပတေးနေ့က တရားရုံးမှာ တင်ပြခဲ့ပြီး လူသတ်မှုတွေကို အစောပိုင်းတည်းက တရားရုံးမှာ ဖော်ပြခဲ့ပါတယ်။

အသက် ၄၂ နှစ်အရွယ် ဘရေးဗစ်ခ်ဟာ နော်ဝေမှာ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၂၁ နှစ် ကျခံနေရပါတယ်။

တကယ်လို့ သူဟာ လူ့အဖွဲ့အစည်းအတွက် ခြိမ်းခြောက်မှု ဆက်ဖြစ်နေသေးရင် ထောင်ဒဏ်ကို သက်တမ်းတိုးနိုင်ပါတယ်။

သူဟာ လွတ်ငြိမ်းချမ်းသာခွင့်အတွက် လျှောက်ထားခွင့်ရှိပြီး နောက်ဆုံးမှာ လွတ်မြောက်ဖို့ မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။

အင်္ဂါနေ့ သက်သေထွက်ဆိုချက်တွေထဲမှာ ဘရေးဗစ်ခ်က သူ့ရာဇဝတ်မှုတွေအတွက် လက်ယာအစွန်းရောက်တွေရဲ့ အွန်လိုင်း ဝါဒဖြန့်မှုတွေကို အပြစ်တင်ခဲ့ပြီး တိုက်ခိုက်ဖို့ ဦးနှောက်ဆေးခံခဲ့ရတယ်လို့ ပြောခဲ့တာပါ။

ဒါပေမယ့် ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ လူဖြူကြီးစိုးမှုဝါဒနဲ့ အမျိုးသားဆိုရှယ်လစ် လွှမ်းမိုးရေးတို့ အတွက် ဆက်တိုက်ပွဲဝင်သွားမယ်လို့လည်း ပြောခဲ့ပါတယ်။

ရုံးချိန်းပြီးချိန်မှာ တရားသူကြီးက လာမယ့်အပတ် ဒါမှမဟုတ် ၃ ပတ်အတွင်း စီရင်ချက်ချမယ်လို့ ပြောခဲ့ပါတယ်။

//
More News
Up