ထိုင်းသို့လာမည့်သူများ ကွာရန်တင်းဝင်ရန်မလိုသည့် Test & Go စနစ် ပြန်စမည်

ထိုင်းနိုင်ငံထဲကို အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေတဆင့်   ဝင်ရောက်လာမယ့်နိုင်ငံခြားသားတွေ အနေနဲ့  ကွာရန်တင်းဝင်စရာမလိုတဲ့  Test & Go စနစ်ကို လာမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့ ကနေ ပြန်လည်စတင်တော့မှာ ဖြစ်ပါတယ်။ 

အဆိုပါစနစ်နဲ့ ဝင်လာမယ့်နိုင်ငံခြားသားတွေဟာ ကြိုတင်အမည်စာရင်းပေးသွင်းထားရမှာဖြ စ်ကြောင်း၊  RT - PCR စနစ်နဲ့  ကိုဗစ် ၁၉ ပိုး ၂ ကြိမ်အစစ်ဆေးခံရမှာဖြစ်ပြီး စစ်ဆေးချက်အဖြေထွက်မှ လိုရာကိုသွားနိုင်မယ်လို့  ထိုင်းကိုဗစ်ထိန်းချုပ်ရေးကော်မတီ ပြောခွင့်ရ ဒေါက်တာ ထဝီးဆင် ဝိစနုယိုးထင်းက ယမန်နေ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

ဒါ့အပြင် မိမိတည်းခိုမည့် ဟိုတယ်ကို ကြိုတင်ဘွတ်ကင်လုပ်ထားရမှာဖြစ်ပြီး ၁ ရက်မှ ၅ ရက်ထိတည်းခိုနေဖို့ ၊ စည်းကမ်းချက်မလိုက်နာဘဲ လျှောက်သွားနေပါက နည်းပညာနဲ့ ခြေရာ ခံနည်းရှိကြောင်း၊  ကျန်းမာရေးအာမခံအထောက်အထားပါ ပြရမှာဖြစ်ပြီး ၊ အာမခံမပြည့်စုံသူ တွေ ဆေးကုသမှုခံယူရပါက သီးသန့်ခွဲနေစဉ်နဲ့ ဆေးကုသမှုခံယူရာမှာ ကုန်ကျစရိတ်ကို မိမိဖာသာကျခံရမယ်လို့ ဆိုပါတယ်။ 

Test & Go စနစ်နဲ့ ဝင်လာမယ့် အဆိုပါစည်းကမ်းချက်တွေမှာ ပြည်ပကနေပြန်ဝင်မယ့် ထိုင်းနိုင်ငံသားတွေရော နိုင်ငံခြားသားတွေပါ အကုန်အကျုံးဝင်ပါတယ်။ 

ထိုင်းနိုင်ငံမှာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမြှင့်တင်တဲ့အနေနဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁ ရက်နေ့ကစ နိုင်ငံထဲဝင်လာရင် ကွာရန်တင်း ၁၄ ရက်ဝင်စရာမလိုဘဲ  လေဆိပ်မှာ စစ်ဆေးခံပြီး လိုရာကိုလွတ်လပ်စွာသွားလာနိုင်တဲ့ Test & Go စနစ်ကို ကျင့်သုံးခဲ့ပါတယ်။ 

ဒါပေမဲ့ နိုဝင်ဘာလကုန်ပိုင်းမှာ နိုင်ငံခြားမှ ဝင်လာသူတွေကနေ ကိုဗစ်-၁၉ ဗီဇမျိုးကွဲ အိုမီခရွန်ပိုးတွေ့ရှိတာကြောင့် Test & Go စနစ် ပြန်ပိတ်ခဲ့ရပါတယ်။ 

မနှစ်က Test & Go စနစ်နဲ့ ဝင်လာဖို့ အမည်စာရင်းတင်သွင်းထားသူပေါင်း ၃၈၂၃၀၆ ဦးရှိပြီး အဲဒီထဲက ၃၀ ရာခိုင်နှုန်းလောက်သာ နိုင်ငံထဲဝင်လာတာကြောင့် ခရီးသွားလုပ်ငန်းပြန်ပြီး လည်ပတ်နိုင်ဖို့ ထိုင်းနိုင်ငံကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့အားကစားဝန်ကြီးဌာနက Test & Go စနစ်ကို စည်းကမ်းချက်တွေနဲ့အညီပြန်ဖွင့်ပေးဖို့ အဆိုပြုခဲ့တာဖြစ်ပါတယ်။ 

ထိုင်းကိုဗစ်ထိန်းချုပ်ရေးကော်မတီက Test & Go စနစ် ပြန်ဖွင့်ရေးအပြင် Sand Box ( အလည်အပတ်အထူးဧည့်သည် ) အစီအစဉ်နဲ့ လည်ပတ်သွားလာနိုင်တဲ့ ဒေသတွေပါ ထပ်မံတိုးချဲ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီထဲမှာ  ချွန်းပူးရီး၊ တလတ် ၊ ဖူးကက် ၊ ဖန်င ၊ ကရပိ၊ ဆူရတ်ဌာနီခရိုင်ထဲက မြို့နယ်တွေ ထပ်တိုးလိုက်တာ ဖြစ်ပါတယ်။ 

ဒါ့အပြင် တရတ် ၊ ဆာကယောက်၊ မုဒ်တာဟန်၊ ဘင်ကန် ၊ ဥဘွန်းစတဲ့ခရိုင်တွေကိုလည်း လည်ပတ်သွားလာနိုင်တဲ့ ဇုန်အဖြစ် တိုးမြင့်လိုက်တယ်လို့ ဆိုပါတယ် ။  

ကိုးကား- ThaiPBS

//
More News
Up