ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထွန်းရဲ့ အစ်ကိုဖြစ်သူကို ဇန်နဝါရီ ၂၀ ရက်နေ့မှာ စစ်ကောင်စီက ထောင် ၂ နှစ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထွန်းရဲ့ အစ်ကိုဖြစ်သူ ကိုမျိုးမင်းအောင်ကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးပြီး ၄ လလောက်အကြာမှာ ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့တာလို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။
“သူက အေးဆေးသမား နိုင်ငံရေးလည်း မလုပ်ဘူး။ အဲ့တာကို ဖမ်းသွားပြီး အသံဖိုင်တွေ့လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ထောင်ချလိုက်တာ။ အသံဖိုင်ကလည်း ဆန္ဒပြပွဲတုန်းက ပြောထားတဲ့ ဖိုင်၊ အဲ့တာကို ၅၀၅ နဲ့ဆွဲပြီး ထောင် ၂ နှစ်ချလိုက်တာ” လို့ နီးစပ်သူတဦးက ပြောပါတယ်။
ထောင်ဒဏ် ၂ နှစ်ချမှတ်ခံခဲ့ရတဲ့ ကိုမျိုးမင်းအောင်ဟာ စစ်ကောင်စီရဲ့ ပထမအကြိမ် ဖမ်းဆီးခံရစဉ်မှာ ပြန်လည်လွတ်မြောက်ခဲ့ပေမယ့် ဒုတိယအကြိမ် ထပ်ဖမ်းဆီးချိန်မှာ ခုလို ထောင်ချခံခဲ့ရတာလို့ ဆိုပါတယ်။
အစ်ကို ဖြစ်သူ ကိုမျိုးမင်းအောင် ထောင်ချခံရတာနဲ့ပတ်သက်ပြီး ဒါဟာ လုံးဝမဖြစ်သင့်တဲ့ကိစ္စလို့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထွန်းက မှတ်ချက်ပေးပြောဆိုပါတယ်။