Home
မြန်မာသတင်း
ပွဲစားခဘတ် ၅ သောင်းစီပေးပြီး ထိုင်းဘက်ခိုးဝင် မြန်မာ ၃၀ ကျော်ကို ကင်းလှည့်တပ်ဖွဲ့ ဖမ်းဆီး
DVB
·
January 20, 2022

ထိုင်းနိုင်ငံကတဆင့် မလေးရှားနိုင်ငံဆီ အလုပ်သွားရောက်လုပ်ကိုင်ဖို့ တရားမဝင်နယ်စပ် ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၃၁ ယောက်ကို ဆာဒေါင်ခရိုင်နယ်စပ်မှာ ကင်းလှည့်တပ်ဖွဲ့က ဖမ်းမိခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

ဖမ်းမိခဲ့သူတွေထဲမှာ အမျိုးသား ၂၅ ယောက်နဲ့ အမျိုးသမီး ၆ ယောက်ပါဝင်ပြီး မြောင်းတခုထဲ ပုန်းနေချိန်မှာ စစ်သားတွေ၊ ရဲတွေနဲ့ ဒေသတွင်း တာဝန်ရှိသူတွေ ပူးပေါင်းပါဝင်တဲ့ ကင်းလှည့်တပ်ဖွဲ့က ဇန်နဝါရီ ၁၉ ရက် ည ၁၀ နာရီခွဲလောက်မှာ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

ရဲစခန်းကို ပို့ဆောင်စစ်ဆေးမှုတွေ လုပ်ဆောင်ချိန်မှာတော့ သူတို့ဟာ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ကနေ မလေးရှားနိုင်ငံမှာ အလုပ်ရမယ်ဆိုတဲ့ ကတိနဲ့ မဲဆောက်ဘက်ကို တောလမ်းကနေ ဖြတ်ကူးခဲ့တာဖြစ်ကြောင်း၊ အဲဒီကနေတဆင့် ပစ်ကပ်ကားတစီးနဲ့ ထိုင်းတောင်ပိုင်း၊ ဟတ်ရိုင်မြို့ဆီ ပို့ဆောင်ခဲ့တာလို့ ပြောပါတယ်။

အဲဒီနောက်မှာတော့ ဟတ်ရိုင်ကနေ နောက်ထပ်ကားတစီးနဲ့ ဆာဒေါင်နယ်စပ်ကို ပို့ဆောင်ခဲ့ပြီး မလေးရှားနိုင်ငံထဲ ဝင်ရောက်ဖို့ စောင့်ခိုင်းထားခဲ့တာလို့ ဆိုပါတယ်။

ခုလိုသွားရောက်နိုင်ဖို့အတွက် တယောက်ကို ပွဲစားခဘတ် ၅ သောင်းစီ ပေးခဲ့ကြရပြီး စား သောက်ဆိုင်တွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ကိုင်ရမယ်လို့ ပြော ထားခဲ့တာလို့ ဆိုပါတယ်။

လတ်တလောမှာတော့ ရဲတွေက သူတို့ကို လူကုန်ကူးမှု ကွင်းဆက်သံသယနဲ့ ဖမ်းဆီးထိန်း သိမ်းထားပြီး ဒီဖြစ်စဉ်မှာ ထိုင်း၊ မလေးရှားနဲ့ မြန်မာတာဝန်ရှိသူတွေ ပါဝင်နိုင်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေကို ဉပဒေအရ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ပြီး နေရပ်ပြန်ပို့တာတွေ မလုပ်ဆောင်ခင် ကိုဗစ်-၁၉ ရောဂါရှိမရှိ စစ်ဆေးတာတွေကိုလည်း လုပ်ဆောင်သွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024