ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စုအပိုင် မနကျေးရွာအနီးရှိ ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီလုပ်ကွက်မှာ ဇန်နဝါရီ ၁၉ ရက် ည ၉ နာရီလောက်က မြေစာသယ်လာတဲ့ ကားတစ်စီး မီးလောင်ခဲ့ပါတယ်။
အဲဒီမြေစာတင်ကားဟာ စွန့်ပစ်မြေစာတွေလာသွန်ချိန် ပေ ၈၀ လောက်ရှိတဲ့ ကမ်းပါးအမြင့်ပေါ်ကနေ လျှောကျသွားပြီး မီးလောင်မှုခဲ့တာလို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
မီးလောင်မှုကြောင့် အဲဒီမြေသယ်ကားမောင်းတဲ ယာဉ်မောင်းဟာ စိုးရိမ်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ကူညီလုပ်ဆောင်ပေခဲ့တဲ့ ရေမဆေးသမားတစ်ယောက်က ပြောပါတယ်။
"မြေစာလာသွန်ရင်းလျှောကျတာ။ ကားကမီးလောင်သွားတယ်။ ကားသမားလည်း ခေါင်းထိသွားပြီး မီးလောင်ခံထားရတယ်။ အခြေအနေမကောင်းနိုင်ဘူး။ ဆေးရုံခေါ်သွားပြီဆိုတော့ သေလားရှင်လားဆိုတာတော့ ကျနော်မသိရတော့ဘူး " လို့ ရေမဆေးသမားက ပြောပါတယ်။
အခင်းဖြစ်ပွားတဲ့နေရာအနီးက မြေစာပုံမှာလည်း မနေ့ညက မြေစာပြိုကျမှခဲ့လို့ ရေမဆေးကျောက်ရှာဖွေသူတွေနဲ့ ကေအိုင်အေတပ်ဖွဲ့ဝင်တစ်ယောက်အပါအဝင် သုံးယောက် သေဆုံးခဲ့ပါတယ်။
ဖားကန့်မှာ တရားမဝင်ကျောက်စိမ်းတူးဖော်မှုလုပ်ငန်းတွေကို စက်ယန္တယားကြီးတွေနဲ့ တူးဖော်လုပ်ကိုင်နေတာဖြစ်ပြီး အဲဒီလုပ်ငန်းတွေအားလုံးကို စစ်ကောင်စီက ခွင့်ပြုထားတာလို့ ဒေသခံတွေထံက သိရပါတယ် ။