ပြည်သူလူထုတွေရဲ့နေအိမ်မီးလောင်ပါက ပေါ့ဆမီးအမှုနဲ့ အရေးယူလေ့ရှိပေမဲ့ ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှာ ဇန်နဝါရီလ ၁၃ ရက် ညနေပိုင်းက ခရိုင်တရားသူကြီးနေအိမ် မီးလောင်ခဲ့ရာမှာ အချိန် သီတင်း ၁ ပတ်ကြာလာချိန်ထိ အရေးယူမှုမရှိသေးဘူးလို့ သိရပါတယ်။
တရားသူကြီး ဒေါ်သူဇာအေးနဲ့အတူ ၃ ဦးနေတဲ့ အိမ်မှာ ညနေ ၅ နာရီလောက်မီးလောင်ခဲ့ပြီး ဝန်ထမ်းတွေ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရတာဖြစ်ပြီး မီးလောင်မှုကို အမှုဖွင့်အရေးမယူတဲ့အပေါ် ရှေ့နေ အသိုင်းဝိုင်းကြားမှာလည်း ဝေဖန်မှုတွေရှိ နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ ခရိုင်တရားသူကြီးနဲ့ပေါင်းနေတာ အဲ့အိမ်မှာ ၃ ယောက်နေတယ်။ မီးလောင်တဲ့နေ့က မီးခိုးလုံးတွေ ထွက်လာချိန်မှာ တရားသူကြီးမက အော်ပြီးထွက်လာတာ ဝန်ထမ်းတွေ ရုံးမဆင်းသေးတော့ ဝိုင်းသတ်လို့ မီးငြိမ်းသွားတာ”လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
သာမန်ပြည်သူတွေဆိုရင် မီးလောင်မှုဖြစ်တဲ့အခါ အနည်းဆုံးပုဒ်မ ၂၈၅ ပေါ့ဆမီးဆိုတဲ့ အကြောင်းပြချက်နဲ့ အမှုဖွင့် အရေးယူလေ့ရှိတာ ဖြစ်ပါတယ်။
အခုလို တရားသူကြီးနေအိမ်မီးလောင်မှု အမှုဖွင့် အရေးယူထားတာ မရှိတဲ့အပေါ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တရားရေးကို လုပ်ချင်တိုင်း လုပ်နေကြတာလို့ ရှေ့နေအသိုင်းဝိုင်းကြား ဝေဖန်ပြောဆိုတာတွေလည်း ရှိနေပါတယ်။
အလားတူဖြစ်စဉ်မျိုး ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလက တောင်ကြီးမြို့မှာဖြစ်ပွားခဲ့ပြီး ပြည်နယ်တရားသူကြီးနေအိမ် မီးလောင်မှု ခုထိ အရေးယူထားတာ မရှိသေးဘူးလို့ သိရပါတယ်။