စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မှတ်တိုင်ကျေးရွာမှာ ဇန်နဝါရီ ၁၈ ရက် နေ့လယ်ပိုင်းက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းကနေ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ်အပါအဝင် ပြည်သူ ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စစ်ကောင်စီတပ်က နေ့လယ် ၂ နာရီခွဲမှာ တိုက်လေယာဉ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဒေသခံ တယောက်က ပြောပါတယ်။
ဒေသခံတစ်ဦးက “တိုက်လေယာဉ် နှစ်စီးနဲ့ ဗုံးလာကြဲတာ။ မှတ်တိုင်ရွာ ဘုရားကုန်းနားမှာ ကြဲတာ ဗုံး ခြောက်လုံးလောက်ရှိတယ်။ သေနတ်နဲ့လည်း ဆက်တိုက်ပစ်တယ်။ ရွာဦးစေတီလည်း ဗုံးထိသွားတယ်။ ကလေးနှစ်ယောက်နဲ့ ပြည်သူ ငါးယောက်ထိခိုက်သွားတယ်”လို့ ပြောပါတယ်။
ဘုရားကုန်းမှာ စစ်ကောင်စီလေတပ် ဂျက်လေယာဉ် ၂ စီးလာရောက်ဗုံးကြဲ တိုက်ခိုက်တာကြောင့် ရွာဦးစေတီတော်ကြီးအပြင် အရန်စေတီတော်တဆူလည်း ထိမှန်ပျက်စီးသွားတယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။
လေကြောင့်ဗုံးကြဲတိုက်ခိုက်တာကြောင့် စေတီပုထိုးတွေ ပျက်စီးတာအပြင် အသက် ၅၀ အရွယ် ဦးနတောင် နဖူးမှာ ဗုံးစထိမှန်ပြီးတော့ ဘုရားရင်ပြင်မှာ ဆော့ကစားနေတဲ့ အသက် ၈ နှစ်အရွယ် မောင်ကျော်ဝေမိုး ကျောကုန်းမှာ ဗုံးစထိမှန်သွားခဲ့ပါတယ်။
မနေ့က တိုက်ပွဲမရှိဘဲ ဗုံးလာကြဲသွားတာဖြစ်ပြီး PDF တွေ ရှိတယ်အထင်နဲ့ ဗုံးလာကြဲသွားတာဖြစ်နိုင်ပြီး ဗုံးစထိမှန်သွားတဲ့ ကလေးကတော့ စိုးရိမ်ရတယ်လို့ ဒေသခံက ပြောပါတယ်။
ကသာမြို့နယ် မိုးတားကြီးကျေးရွာမှာလည်း ဇန်နဝါရီ ၁၂ ရက်က လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ်နှစ်ယောက် အပါအဝင် ဒေသခံ ၁၀ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ၆ လုံး ပျက်စီးကာ ဓမ္မာရုံတစ်ခု မီးလောင်ပျက်စီးခဲ့ပါသေးတယ်။