စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ထဲမှာ ဒေသခံပြည်သူ ၄ ယောက်ကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့သလို စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတယောက်ကိုလည်း ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရှင်းလင်းခဲ့ပါတယ်။
မနေ့ညနေ ၅ နာရီလောက်မှာ မုံရွာမြို့နယ် လယ်ဇင်ရွာနဲ့ အနီးဝန်းကျင်ရွာတွေကို စစ်ကောင်စီတပ်သား အင်အား ၂၀၀ ကျော်လောက်က ဝင်ရောက်စီးနင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ဒေသခံတွေဟာ အိမ်တွေကို စွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်။
“ထွက်ပြေးနေတဲ့ ရွာသား ၄ ယောက်ကို စစ်တပ်က ခေါင်းကို သေနတ်နဲ့ပစ်တယ်။ ၅ ယောက်ကိုတော့ ဖမ်းသွားတယ်။ ဒီမနက်မှာတော့ သူတို့ကို မုံရွာ နမခတပ်ထဲကို ခေါ်သွားတယ်လို့ သိရတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ တဲအိမ်နှစ်လုံးကို မီးရှို့ခဲ့သလို နိဗ္ဗာန် ဘုန်းတော်ကြီးကျောင်းက ကားတစီးကိုလည်း ယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ကပဲ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းကျေးရွာက ပျူစောထီးအဖွဲ့ဝင်တယောက်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က သုတ်သင်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။
ပျူစောထီးအဖွဲ့ဝင် ကျော်မိုးဟာ အရင်က တောင်သူနဲ့ ကွမ်းရောင်းဝယ်ရေးလုပ်သူဖြစ်ပြီး အခုတော့ ပျူစောထီးအဖွဲ့ကိုဝင်ပြီး ရပ်ရွာကို ဒုက္ခပေးနေတာလို့ ဒေသခံတွေက ပြောပါတယ်။
သူ့ကို မနေ့ နေ့လယ်ပိုင်းက မုံရွာမြို့နယ် နဂါးတွင်းရွာနဲ့ လယ်တော်ရွာကြားက ဆူးဖြူတောအနီး ထူးထဲမှာ ဓားနဲ့ သုတ်သင်ခဲ့တာလို့ ဗိုလ်စနေအဖွဲ့က ပြောပါတယ်။ အခုအချိန်ထိ အလောင်းလာမကောက်သေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။