Home
မြန်မာသတင်း
ရေစကြိုမြို့နယ်၌ ဆရာတော် ၁ ပါးနှင့် ပြည်သူ ၂ ဦးကို စစ်တပ်က ရိုက်နှက်ဖမ်းဆီး
DVB
·
January 17, 2022

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဟင်္သာကျေးရွာကို ဇန်နဝါရီ ၁၇ ရက်မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေ ဝင်ရောက်လာပြီး သေနတ်တွေပစ်ဖောက်ကာ  ဆရာတော်တစ်ပါးနဲ့  ကျေးရွာဒေသခံနှစ်ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရွာသားတွေဆီကသိရပါတယ်။

ဒီမနက် ၆ နာရီခွဲလောက်က ရွာထဲကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေက ဖောကား နှစ်စီးနဲ့ ရောက်ရှိလာကြပြီး ဘုန်းကြီးကျောင်းကို ဝိုင်းကာ ရှာဖွေပြီး သေနတ်တွေပ စ်ဖောက်ခဲ့တာကြောင့် ကျေးရွာဒေသခံတွေလည်းထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်က ဟင်္သာကျေးရွာက ဆရာတော်နဲ့  ပြည်သူနှစ်ယေက်ကို ဖမ်းဆီးခေါ်ဆောင်ပြီး ဦးကျော်ဝင်းဆိုသူကို အကြောင်းမဲ့ ရိုက်နှက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ကျေးရွာဒေသခံတစ်ဦးက “ဘုန်းကြီးကျောင်းကိုလာဝိုင်းတာ၊ မနက် ၆ နာရီခွဲလောက်ကတည်းကပဲ ၃ ဦးဖမ်းသွားတယ်။ တစ်ဦးက ဆရာတော်ပါ ရွာထဲက ဒလန်ပျူစောထီးတွေက မဟုတ်မမှန်သတင်းပေးလို့လာဖမ်းတာ။ စစ်ခွေးတွေက ရိုက်နှက်ဖမ်းဆီးသွားတယ်။ ဖောကား ၂ စီးနဲ့ ရောက်လာကြတာ ရွာထဲလည်းရမ်းသန်းပစ်လို့ အကုန်ထွက်ပြေးရတယ်”လို့  ပြောပါတယ်။

ဟင်္သာကျေးရွာမှာ အန်အယ်လ်ဒီပါတီ ဝန်းရံထောက်ခံသူတွေကို လိုက်လံဖမ်းဆီးခဲ့တာဖြစ်ပြီး ၂၀၂၁ ခုနှစ် သြဂုတ်လကလည်း  အသက် ၂၁ နှစ်အရွယ်လူငယ်တစ်ယောက်ကို စစ်ကောင်စီက သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

မေ ၂၉ ရက်ကလည်း  စစ်ကောင်စီတပ်က ဟင်္သာကျေးရွာအတွင်းက နေအိမ်တွေကို ဝင်ရောက်ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024