စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်းက ဈေးရောင်းနေတဲ့ အမျိုးသမီးတယောက် ဇန်နဝါရီ ၁၇ ရက် ဒီမနက် ၅ နာရီဝန်းကျင်လောက်က သေနတ်နဲ့ ပစ်သတ်ခံရပြီး ဈေးအတွင်းက ဈေးသည်တွေ ထွက်ပြေးခဲ့ရတယ်လို့ ဈေးသည်တွေဆီက သိရပါတယ်။
“ကျမတို့ ဈေးခင်းနေတဲ့ အချိန်လေးမှာ သေနတ်နဲ့ ပစ်ခတ်တဲ့အသံ ကြားလိုက်တယ်။ နောက်တော့ ကားလမ်းအနောက်ဘက်က ဈေးရောင်းနေတဲ့ ဈေးသည်တစ်ဦးကို ပစ်တာမှန်း သိလိုက်ရတယ်။ ဘာကြောင့် ပစ်ခတ်တယ်၊ ဘယ်အဖွဲ့က ပစ်ခတ်တယ်ဆိုတာကိုတော့ မသိရဘူးရှင့်။ ကျမတို့တောင် ဒီလို ပစ်ခတ်သတ်ဖြတ်လို့ ဈေးအတွင်း စစ်ကောင်စီကလာပြီး ဖမ်းဆီး စစ်ဆေးခံရမှာ ကြောက်လို့ တဈေးလုံး အကုန်ထွက်ပြေးနေရတယ်” လို့ ကန်သာယာဈေးသည်တစ်ဦးက ပြောပါတယ်။
အဆိုပါအမျိုးသမီးဟာ ကန်သာယာဈေးမှာ လိမ္မော်သီးနဲ တခြားအသီးအနှံတွေ ရောင်ချနေသူဖြစ်ပြီး ဘာကြောင့် ပစ်ခတ်ခံရတယ်၊ ဘယ်အဖွဲ့က ပစ်ခတ်ခဲ့တယ်ဆိုတာတော့ မသိရသေးပါဘူး။
မုံရွာမြို့နယ်မှာ စစ်ကောင်စီတပ်တွေက အန်အယ်လ်ဒီပါတီကို အမာခံထောက်ခံသူနဲ့ လွှတ်တော် အမတ်တွေကို ရှာဖွေဖမ်းဆီးတာနဲ့ နေအိမ်တွေကိုချိပ်ပိတ်တာတွေ လုပ်ဆောင်နေပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်တွေကလည်း စစ်တပ် သတင်းပေးတွေကို စုံစမ်းဖော်ထုတ်ပြီး ရှင်းလင်းတာတွေလည်းရှိနေတယ်လို့ ဒေသခံတွေရဲ့ပြောဆိုချက်အရ သိရပါတယ်။