ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ) မြိတ်-ထားဝယ်ခရိုင်ရဲ့ ၁၉ ကြိမ်မြောက် ကွန်ကရက်ကို ခရိုင်ဌာနချုပ်ဖြစ်တဲ့ အမလထာမှာ ဇန်နဝါရီ ၁၁ ရက်မှ ၁၅ ရက်အထိ ကျင်းပပြီး ခေါင်းဆောင် အသစ်တွေ ရွေးချယ်ခဲ့တယ်လို့ ကေအန်ယူရဲ့ တရားဝင်လူမှုကွန်ရက်စာမျက်နှာမှာ ဇန်နဝါရီ ၁၇ ရက်က ထုတ်ပြန်ပါတယ်။
၁၉ ကြိမ်မြောက် ကွန်ဂရက်ကို ကေအန်ယူ မြိတ်-ထားဝယ်ခရိုင် လေးမြို့နယ်နဲ့ အထူးဒေသ ၂ ခု က ခေါင်းဆောင်နဲ့ ကိုယ်စားလှယ် စုစုပေါင်း ၉၃ ဦး တက်ရောက်ခဲ့ကြပါတယ်။
အဲဒီကွန်ဂရက်ကနေ နောက်သက်တမ်း ၄ နှစ်အတွက် ကေအန်ယူ မြိတ်-ထားဝယ်ခရိုင် ခေါင်းဆောင်တွေအဖြစ် ဥက္ကဋ္ဌနေရာကို ပဒိုစောဖလို့စိုးဝင်း၊ ဒုဥက္ကဋ္ဌနေရာအတွက် ဗိုလ်ချုပ်စောမူလာကို ရွေးချယ်ခဲ့ကြပြီး တခြားဌာနတွေအတွက်လည်း ခေါင်းဆောင်အသီးသီး ရွေးချယ်ခဲ့ကြပါတယ်။
ဒါ့အပြင် ကေအန်ယူအနေနဲ့ မြိတ်-ထားဝယ်ခရိုငအတွင်း ကျစ်လျစ်ခိုင်မာတောင့်တင်းစွာနဲ့ ရည်ရွယ်ချက်တွေကို အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့လမ်းစဥ် လုပ်ငန်းစဥ်တွေကို ချမှတ်နိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကွန်ဂရက်ကို ၄ နှစ်တကြိမ် ပြုလုပ်ပြီး ၂၀၂၀ ပြည့်နှစ်ကတည်းက ပြုလုပ်ရမယ့် ၁၉ ကြိမ်မြောက်ကွန်ဂရက် ကိုတော့ ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ရွှေ့ဆိုင်းထားရပြီး အခု ၂၀၂၂ ခုနှစ်မှာ ပြန်လည်ပြုလုပ်တာဖြစ်ပါတယ်။
ဓာတ်ပုံ - KNU