ကမ္ဘာ့နံပတ် ၁ တင်းနစ်သမား ဂျိုကိုဗစ်ကို နိုင်ငံမှနှင်ထုတ်ရန် သြစတြေးလျတရားရုံးဆုံးဖြတ်

ကမ္ဘာကျော် တင်းနစ်သမား နိုဗက်ဂျိုကိုဗစ်ကို သြစတြေးလျနိုင်ငံကနေ နှင်ထုတ်ဖို့ ပြည်ထောင်စု တရားရုံးက ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးထားတဲ့အတွက် ဂျိုကိုဗစ်ရဲ့ ပြည်ဝင်ခွင့်ဗီဇာကို အစိုးရက နှစ်ကြိမ် ပယ်ဖျက်ထားတာကို တရားရုံးက ထောက်ခံ အတည်ပြုချက်ပေးလိုက်တာ ဖြစ်ပါတယ်။ 

ဂျိုကိုဗစ်ရဲ့ ဗီဇာကို ပယ်ဖျက်ဖို့ တရားသူကြီး သုံးဦးက ကန့်ကွက်သူ မရှိဘဲ သဘောတူခဲ့ကြပါတယ်။ 

ဂျိုကိုဗစ်ဟာ ဇန်နဝါရီ ၆ ရက်နေ့မှာ လူဝင်မှု ကြီးကြပ်ရေး အာဏာပိုင်တွေက ထိန်းသိမ်းတာ ခံရပြီး၊ ၁၀ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာကာ စနေနေ့မှာ ပြန်လည်ထိန်းသိမ်းခံရတာ ဖြစ်ပါတယ်။ 

ဂျိုကိုဗစ်ဟာ သြစတြေးလျ အိုးပင်း ချန်ပီယံဖလားကို ကာကွယ်ဖို့အတွက် မယ်လ်ဘုန်းကို ရောက်နေတာပါ။ 

၂၁ ကြိမ်မြောက် ဂရန်းစလန်း ချန်ပီယံအိပ်မက်နဲ့ လွဲသွားတဲ့ ဂျိုကိုဗစ်က တရားရုံး ဆုံးဖြတ်ချက်ကို အလွန် စိတ်ပျက်မိပေမယ့် လေးစားလိုက်နာကာ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။ 

သြစတြေးလျ အိုးပင်းတင်းနစ် ပြိုင်ပွဲကတော့ ဇန်နဝါရီ ၁၇ ရက်နေ့ စတင်တော့မှာ ဖြစ်ပါတယ်။

//
More News
Up