ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို နယ်သာလန်နိုင်ငံ သဟိတ်မှာရှိတဲ့ နိုင်ငံတကာတရားရုံး (ICJ)မှာ တရားစွဲဆိုထားတဲ့ အမှုကို ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ နောက်တစ်ကြိမ် စစ်ဆေးဖို့ ရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
၂၀၁၉ ခုနှစ်က ပထမဆုံးကြားနာမှုမှာ မြန်မာနိုင်ငံကိုယ်စား ဦးဆောင် ခုခံချေပခဲ့တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အစား အာဏာသိမ်း စစ်ကောင်စီက စေလွှတ်တဲ့ ကိုယ်စားလှယ်က ခုခံချေပဖို့ ရှိတယ်လို့ ဂမ်ဘီယာနိုင်ငံ ရှေ့နေချုပ်ကို ကိုးကားပြီး သတင်းမှာ ဖော်ပြပါတယ်။
ဒါပေမဲ့ ICJ ရဲ့ ပြောရေးဆိုခွင့်ရသူကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ အတည်ပြုချက်မပေးဘူးလို့လည်း သတင်းမှာ ဖော်ပြပါတယ်။
ဒုတိယအကြိမ် စစ်ဆေးမှုမှာ ကိုဗစ်-၁၉ အခြေအနေကြောင့် လူကိုယ်တိုင် တရားခွင်အထိ တက်ရောက်တာရော၊ အွန်လိုင်းကနေ တက်ရောက်တာရော နှစ်မျိုးစလုံးနဲ့ ပေါင်းစပ် ရုံးထုတ်ဖို့ စီစဉ်ထားတယ်လို့ ဂမ်ဘီယာနိုင်ငံက ရှေ့နေချုပ် ဒေါဒါဂျယ်လိုရဲ့ ပြောကြားချက်ကိုကိုးကားပြီး သတင်းက ဆိုပါတယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်က စစ်တပ်ရဲ့စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ ၇ သိန်း ၃ သောင်းကျော် နေရပ်စွန့်ခွာပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ရတဲ့ ကိစ္စဟာ လူမျိုးရှင်းလင်းရေးအထိ ရည်ရွယ်ချက် ရှိတယ်လို့ ကုလသမဂ္ဂ စုံစမ်းရေးအဖွဲ့က ကောက်ချက်ဆွဲထားတာပါ။
၂၀၁၉ ဒီဇင်ဘာလတုန်းက နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ ကြားနာစစ်ဆေးမှုအပြီး တရားရုံးရဲ့ ဆုံးဖြတ်ချက်ဖြစ်တဲ့ ရိုဟင်ဂျာတွေရဲ့အခြေအနေကို ၆ လတကြိမ် အစီရင်ခံဖို့ အာဏာသိမ်း စစ်ကောင်စီက တရားရုံးနဲ့ ဆက်သွယ်ဆောင်ရွက်နေတယ်လို့ အမှုနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။