ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ စစ်ဘေးရှောင်တွေခိုလှုံနေတဲ့ ကျေးရွာ ၅ ရွာကို ဇန်နဝါရီ ၁၄ ရက်နေ့မှာ အသုံးအဆောင်ပစ္စည်း ကျပ်သိန်း ၃၀၀ ဖိုးလောက် ပေးပို့နိုင်ခဲ့တယ်လို့ TRRC က ထုတ်ပြန်ပါတယ်။
ထန်တလန်မြို့ပေါ်ကနေ ဇနတလန်၊ ခွာလ်ရိန်းတလန်၊ ဗူးယာလ်၊ ဗိုင်လမ်နဲ့ ဗင်ဇင်တလန်ရွာတွေကို ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် အသုံးအဆောင်ပစ္စည်တွေ ကျပ်သိန်း ၃၀၀ ဖိုးလောက် ထောက်ပံ့ပေးခဲ့တယ်လို့ TTRC ရဲ့တာဝန်ရှိသူတစ်ယောက်က ဒီဗွီဘီကိုပြောပါတယ်။
အဲဒီပစ္စည်းတွေကို ကိုးရီးယားက ပါစတာဖက်ဆုန်(ကျုံဘွေ)နဲ့ မန္တလေးက သိက္ခာတော်ရ ဆိုင်မွန်ထောင်မှုန်နဲ့ မိတ်ဆွေတွေကလှူဒါန်းပြီးတော့ ဟားခါးကြက်ခြေနီအဖွဲ့ရဲ့ အစီအမံနဲ့ ပေးပို့ခဲ့တာလို့ ဆိုပါတယ်။
ထန်တလန်မြို့က အိမ်ခြေ ၂၀၀၀ လောက်ရှိ ပြည်သူ ၁၀၀၀၀ ကျော်လောက်ဟာ စစ်ကောင်စီတပ်တွေ အကြမ်းဖက်ပြီး မီးရှို့တာကြောင့် တမြို့လုံးထွက်ပြေးနေကြရတာဖြစ်ပြီး စားရေးသောက်ရေး နေထိုင်ရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်တယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
စစ်ဘေးရှောင်ပြည်သူအများစုဟာ အိန္ဒိယနိုင်ငံနဲ့ နီးစပ်တဲ့ ကျေးရွာတွေကို ထွက်ပြေးပြီးတော့ ဖြစ်သလိုနေထိုင်နေကြရတယ်လို့ ဆိုပါတယ်။
ထန်တလန်မြို့မှာ စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးတာကြောင့် ဘုရားကျောင်း၊ လူနေအိမ်၊ စျေးဆိုင်တွေနဲ့ အဆောက်အအုံပေါင်း ၈၄၁ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။