Home
မြန်မာသတင်း
တန့်ဆည်တွင် ပျူစောထီးအဖွဲ့က ကြက်ဥဒိုင်နေအိမ်ကလူများကို ရိုက်နှက်ပြီး သိန်း ၁၀၀ ကျော် ယူဆောင်
DVB
·
January 14, 2022

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ် ဝရင်ငယ်ကျေးရွာအုပ်စု ရွာသစ်ရွာက ကြက်ဥ ရောင်းဝယ်ရေးနေအိမ်တစ်ခုကို ပျူစောထီအဖွဲ့ဝင် ၂၀ လောက် ရောက်ရှိလာပြီး နေအိမ်အတွင်းက လူတွေကို ရိုက်နှက်ပြီး ငွေကျပ် သိန်း ၁၀၀ ကျာ်ကို ယူဆောင်သွားကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၁၄ ရက်နေ့ မနက်၈နာရီကျော်လောက်က  ကြက်ဥဒိုင် ဦးဝင်းအိမ်ကို ပျူစောထီးအဖွဲ့ဝင် ၂၀ လောက်ရောက်ရှိလာပြီး နေအိမ်ထဲက လူတွေကို ရိုက်နှက်ကာ  ငွေသိန်း ၁၀၀ ကျော်နဲ့ ဖုန်းဘေ သိန်း ၃၀ ဖြည့်ခိုင်းပြီး အိမ်ထဲရှိ ဖုန်းတွေကိုလည်း ယူဆောင်သွားကြတယ်လို့ ဆိုပါတယ်။

မနက် ၉ နာရီကို သိန်း ၂၀၀ ထပ်လွှဲပေးဖို့အတွက်လည်း မှာသွားတယ်လို့ အိမ်အနီးဝန်းကျင်မှာ နေထိုင်သူတွေက ပြောပါတယ်။ 

ဦးဝင်းဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ထောက်ပံ့ပေးနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် အခုလို ဝင်ရောက်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ပျူတွေက ဓားပြတွေဖြစ်လာတယ်။ ငွေတောင်း ဓားပြတိုက်ရုံတင်မကဘူး အိမ်ရှိလူ အကုန်ရိုက်နှက် နှိပ်စက်သွားတယ်။ ဖုန်းတွေကိုလည်း အကုန်မယူသွားတယ်။ အခုလို ဓားပြတိုက်လူသတ်နှိပ်စက်နေတာတွေက ဆက်တိုက်ဖြစ်လာသလိုပဲ ဓားပြတိုက်ခံရတဲ့ အများစုကလည်း PDF ကို တတ်နိုင်တဲ့ဘက်က ထောက်ပံ့ပေးနေတာတွေချည်းပဲ။ သူတို့က တစ်အိမ်လုံးပဲ အရှုပ်အရှင်းကင်းတယ်။ ထောက်ပံ့နေတယ် သတင်းကြားလို့ အခုလို ဓားပြတိုက်ခံရတာဖြစ်နိုင်တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တန့်ဆည်မြို့မှာ စစ်ကောင်စီ တပ်နဲ့ပျူစောထီးအဖွဲ့ဝင်တွေက PDF အဖွဲ့တွေကို ထောက်ပံ့ပေးနေတဲ့ နေအိမ်တွေကို ဇန်နဝါရီ ၁ ရက်နေ့က လိုက်လံချိပ်ပိတ်ခဲ့ပြီး ချိပ်ပိတ်နေတဲ့ လုပ်ငန်းလုပ်ဆောင်နေစဉ်မှာ ဒေသခံ PDF တပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်တာကြောင့် ၅ ဦး သေဆုံးခဲ့ပါသေးတယ်။

Photo -ချိတ်ပိတ်စဥ်ပုံ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024