Home
မြန်မာသတင်း
တီးတိန်မြို့တွင် တိုက်ပွဲကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ
DVB
·
January 14, 2022

ချင်းပြည်နယ် တီးတိန်မြို့ ထေးဇန်ကျေးရွာအုပ်စုက နာတန့်မှာ ဇန်နဝါရီ ၁၂ ရက်နေ့နဲ့ ၁၃ ရက်နေ့တွေတွေက စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး  ထေးဇန်အုပ်စုထဲက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထေးဇန်အုပ်စုဟာ ကလေး- ချင်းပြည်နယ် တီးတိန်မြို့ကိုသွားတဲ့ ကားလမ်းဘေးမှာ တည်ရှိနေပြီး ဒေသခံ ၁၀၀၀ ကျော်နေထိုင်တယ်လို့  ဒေသခံတွေကပြောပါတယ်။

ဇန်နဝါရီ ၁၃ ရက်နေ့ နေ့လယ် ၂ နာရီကျော်လောက်က ထေးဇန်ကျေးရွာ ကော်ဖီခြံထဲက နေအိမ် ၃ လုံးကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးဖျက်ဆီးခဲ့ပြီး တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် ဒေသခံပြည်သူ တွေအားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

“ထေးဇန် အထက်ပိုင်းက နာတန့်ရွာက အိမ်တွေကို မီးရှို့တယ်၊ ၃ လုံး မီးလောင်သွားတယ်။ တိုက်ပွဲနှစ်ကြိမ်ဖြစ်တယ်။ မနက်ပိုင်းတစ်ကြိမ် နေ့လည်ပိုင်းတစ်ကြိမ်၊ စစ်တပ်က ၇ ဦးသေတယ်လို့ သိရတယ်။ ထေးဇန်က ဒေသခံ အကုန်လုံးထွက်ပြေးနေရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ချင်းတောင်ဘက်ကိုတက်လာတဲ့ စစ်ကောင်စီ အင်အား ၁၀၀ ကျော်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဟာ  ဇန်နဝါရီ ၁၃ ရက်နေ့ မနက် ၁၀ နာရီလောက်ကစတင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးခဲ့တယ်လို့ Zoland PDF က သိရပါတယ်။

ဒီဇင်ဘာ ၂၅ ရက်နေ့က လမ်းပြအဖြစ်ဖမ်းဆီးခံခဲ့ရတဲ့  Civic Defence Militia (CDM) PDF ရဲဘော်တစ်ဦးဟာ ဇန်နဝါရီ ၁၃ ရက်နေ့တိုက်ပွဲမှာ စစ်ကောင်စီ လက်က ပြန်လည် ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ပြည်သူတွေအနေနဲ့ တီးတိန်အနီးအနားကို ခရီးသွားလာခြင်းမပြုဖို့ Zoland PDFက ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024