Home
မြန်မာသတင်း
ပြည်တွင်းအခွန်အရာရှိ ၁၄၀ ကျော်ကို NUG အမည်ပျက်စာရင်းသွင်း
DVB
·
January 13, 2022

စစ်ကောင်စီကို ဩဇာခံနေတဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန လက်အောက်ခံ ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးတွေ အပါအဝင် ဝန်ထမ်းအကြီးအကဲ အယောက် ၁၄၀ ကျော်ကို အမည်ပျက်စာရင်းသွင်းပြီး ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က  ကြေညာလိုက်ပါတယ်။

ဇန်နဝါရီ ၁၂ ရက် ရက်စွဲနဲ့ အဆိုပါထုတ်ပြန်ချက်ကိုတော့ အန်ယူဂျီရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီး မြုပ်နှံမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က လက်မှတ်ရေးထိုး ထုတ်ပြန် လိုက်တာဖြစ်ပြီး ဝန်ကြီးဌာနအနေနဲ့ မတရားတဲ့ အမိန့်အာဏာဖီဆန်ရေး လှုပ်ရှား မှု(CDM)ပြုလုပ်နေကြတဲ့ နိုင်ငံ့ဝန်ထမ်း သူရဲကောင်းတွေရဲ့ လူမှုဖူလုံရေး၊ လုံခြုံဘေးကင်းရေးနဲ့ ဖိအားကင်းစင်စေရေးတို့အတွက် အလေးထားဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့်မို့ တရားမဝင်အာဏာသိမ်းစစ်ကောင်စီလက်အောက်မှာ ဆက်လက်တာဝန် ထမ်းဆောင်နေပြီး CDM ဝန်ထမ်းတွေကို ဖိအားပေးတာ၊ ခြိမ်းခြောက်တာ၊ ရာထူးမှ ထုတ်ပယ်တာ၊ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်တာ၊ တရားစွဲဆိုတာတွေနဲ့ အမျိုးမျိုးသော ဖိနှိပ်မှုတွေကို ကျူးလွန်နေတဲ့ ဖော်ပြပါဝန်ထမ်းတွေကို အမည်ပျက်စာရင်းသွင်းလိုက်ပြီး ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်လိုက်တယ်လို့ ကြေညာထားတာပါ။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က စတင်ကာ အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတော်အာဏာကို သိမ်းယူခဲ့တဲ့ ကာလဟာ ၁၁ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပြည်သူတွေ မြို့ရွာအနှံ့ ပါဝင်နေခဲ့ကြပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုတွေနဲ့ ကျဆုံးမှုတွေ၊ ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုခံရတာတွေနဲ့အတူ အခြေအနေတွေ ပိုမိုတင်းမာလာနေခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကလည်း ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၇ ရက်မှာ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ် ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို တနိုင်ငံလုံးအတိုင်း အတာနဲ့ ဆင်နွှဲကြဖို့ ထုတ်ပြန်ကြေညာခဲ့တာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှအပြီး တိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ ထုတ်ပြန်ချက် အရ လက်ရှိအချိန်ထိ အကြမ်းဖက်စစ်တပ်က ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ ၁,၄၆၀ ကျော်နဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၁,၅၀၀ ကျော်ထိ ရှိခဲ့ပြီလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024