ရန်ကုန်တိုင်းအတွင်း မြို့နယ်အတော်များများမှာ ဇန်နဝါရီ ၁၂ ရက်ညက ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
မြောက်ဒဂုံနဲ့ မြောက်ဥက္ကလာပမြို့နယ်တို့မှာ မနေ့ည ၈ နာရီခွဲလောက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သလို သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏမှာလည်း မနေ့ နေ့လယ်ပိုင်းက ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ကာ တောင်ဒဂုံမှာလည်း ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ရန်ကုန်မှာတော့ မစ်ရှင်တွေ ဆက်နေတာပဲ။ ပေါက်ကွဲတယ်၊ ပစ်ခတ်တယ်။ ဒီနေ့က ပိုကြမ်းတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
ပေါက်ကွဲမှု၊ ပစ်ခတ်မှုတွေကြောင့် ထိခိုက်သေဆုံးမှု အတိအကျ မသိရှိရသေးဘဲ စစ်ကောင်စီတပ်တွေက ရပ်ကွက်တွေထဲအထိ လမ်းပိတ်ဆို့ စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
အလားတူ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ၆ ရပ်ကွက်ထဲမှာ မနေ့ ည ၁၀ နာရီလောက်က စစ်ကောင်စီက ကားနှစ်စီးနဲ့ ဧည့်စာရင်းဝင်ရောက်စစ်ဆေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။