Home
မြန်မာသတင်း
လေယာဉ်ဖြင့်ဗုံးကြဲမှုကြောင့် မိုးတားကြီးဒေသခံအချို့ဒဏ်ရာရပြီး နေအိမ် ၁၀ လုံး မီးလောင်
DVB
·
January 13, 2022

စစ်ကိုင်းတိုင်း ကသာမြို့နယ် မိုးတားကြီးရွာမှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲချတာကြောင့် ဒဏ်ရာရရှိသူ ၅ ဦးထက်မနည်းနဲ့ နေအိမ် ၁၀ လုံး မီးလောင်ကျွမ်းခဲ့သလို ကလေးမြို့နယ်မှာလည်း နေအိမ် ၂ လုံး မီးရှို့ဖျက်ဆီးခံရပြီး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မိုးတားကြီးကျေးရွာကို ဇန်နဝါရီ ၁၂ ရက်နေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ် ၃ စီးနဲ့ ဗုံးကြဲချခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘာသာရေးအဆောက်အဦတစ်ခုအပါအဝင် နေအိမ် ၁၀ လုံး မီးလောင်ကျွမ်းခဲ့တယ်လို့  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဗုံးကြဲချတာကြောင့် အသက် ၆၉ နှစ်အရွယ် ဦးကျော်မောင် (လက်ထိမှန်)၊ ၁၉ နှစ်အရွယ် မောင်သက်ထူးအောင် (ညာဘက်ပေါင်ထိမှန်)၊ အသက် ၇ နှစ်အရွယ် မောင်အောင်သက်ထွေး  (ညာလက်ထိခိုက်ဒါဏ်ရာရ) နဲ့ အသက် ၆ နှစ်အရွယ် မောင်နော်ဇက်အောင် (ဘယ်ဘက် ခြေသလုံး ထိခိုက်)  တို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီက မိုးတားကြီးကျေးရွာကို အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဂိုဒေါင်တွေရော၊ စပါးတွေရော၊ စပါးကျီတွေရော မီးလောင်ဆုံးရှုံးရတယ်။  ကျနော်တို့လည်း ဗုံးကြဲတော့ ထွက်ပြေးကြတယ်။ တချို့အိမ်တွေက ဗုံးကြဲလို့ မီးလောင်တာတွေကို မြင်ရတော့ ဝိုင်းဝန်းမီးငြိမ်းပေးကြတယ်။ ၁၂ လုံးကြဲတာ ဟုတ်တယ်။ မပေါက်ကွဲသေးတဲ့ ဗုံး ၅လုံးကျန်တယ်။ မိုးတားကြီး အထက်တန်းကျောင်းနားက စာသင်ဆောင်လည်း လောင်တဲ့ထဲပါသွားတယ်။ တိုက်ပွဲ ဖြစ်တာ မရှိဘူး ဒီတိုင်းလာကြဲသွားတာ” လို့ ပြောပါတယ်။

ဗုံးကြဲချတာကြောင့် ဒဏ်ရာရသူဒီထက်ပိုများနိုင်ပြီး သေဆုံးသူတွေ ရှိနိုင်တယ်လို့ ဒေသခံတွေက ပြောကြားခဲ့ကြပါတယ်။

ကသာမြို့နယ် မိုးတားကြီးနဲ့ မိုးတားလေး ကျေးရွာ တစ်လျောက်မှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိပြီး နိုဝင်ဘာ ၉ ရက်နေ့က တိုက်ပွဲအပြင်းထန်ဆုံးဖြစ်ခဲ့တာကြောင့် စစ်ကောင်စီတပ်က အယောက် ၄၀ လောက် သေဆုံးခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်  အင်အား ၆၀ လောက်ဟာ ကလေးမြို့နယ် တောင်ပိုင်း အင်းကျွန်းကျေးရွာကို ဇန်နဝါရီ ၁၂ ရက်နေ့ မနက်ပိုင်းက ဝင်ရောက်ကာ နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ရေရှင်ကျေးရွာဘက်မှာ ကလေးပြည်သူ့ကာကွယ်ရေးတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၁၂ ရက်နေ့ နေ့လယ်ပိုင်းမှာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး ဟံသာဝတီရွာဘက်ကနေ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးတွေနဲ့ စစ်ကူပစ်ခတ်ခဲ့တယ်လို့ ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ပြောပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့ဝင် ၅ ဦးသေဆုံးပြီး  ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး  လက်နက်ကြီး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

နေ့လယ် ၁ နာရီလောက်မှာတော့ စစ်ကောင်စီ တပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေဟာ ကျောက်ပြုတ်ကျေးရွာဘက်ကို ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။

ကျောက်ပြုတ်ကျေးရွာကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်တွေက ကျေးရွာအတွင်းဝင်ရောက်ပြီး ကျေးရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ဖူးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကလေးမြို့နယ် တောင်းပိုင်း ကျေးရွာတွေမှာ စစ်ကောင်စီတပ်က တပ်စွဲထားပြီး ဒီဇင်ဘာလ ၂၂ ရက်နေ့ကတည်းက ဝင်ရောက်ကာ  နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ ပြုလုပ်နေတာလို့ ဆိုပါတယ္။

နေအိမ်တွေကို မီးရှို့ဖျက်ဆီးရုံမက နေအိမ်အတွင်းက အဖိုးတန်ပစ္စည်းတွေကိုလည်း ယူဆောင်သွားကြပြီး ကျေးရွာအတွင်းက ပြည်သူတွေမွေးမြူထားတဲ့ တိရစ္ဆာန်တွေကိုလည်း သတ်ဖြတ်စားသောက်ကြပါတယ်။

ဇန်နဝါရီ ၁၁ ရက်နေ့ကလည်း ကလေးမြို့နယ် တောင်ပိုင်းမှာရှိတဲ့ သာစည်ကျေးရွာထဲကို စစ်ကောင်စီတပ်က ဝင်ရောက်ပစ်ခတ်မှုကြောင့် ကျေးရွာပြည်သားတစ်ဦး သေဆုံးခဲ့ပြီး နေအိမ်နှစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

ကလေးမြို့နယ်တောင်ပိုင်းမှာရှိတဲ့ နတ်ချောင်းကျေးရွာ၊ ချောင်းခွ၊ သာစည်၊ နတ်မြောင်း၊ စတဲ့ကျေးရွာတွေမှာ စစ်ကောင်စီက ဝင်ရောက်ပစ်ခတ်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာကြောင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိပါတယ်။

Photo  ဒေသခံတစ်ဦး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024