ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှု အပါအဝင် အမှု ၃ မှုအတွက် ဇန်နဝါရီ ၁၂ ရက်နေ့မှာ တရားလိုအား စတင် စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီက မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို ရွေးကောက်ပွဲ မလျော်သြဇာသုံးတယ်ဆိုပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၃၀ (က)နဲ့ အမှု တစ် မှု ၊ ပုဒ်မ ၁၇၁ (စ) နဲ့ အမှု ၂ မှု ၊ စုစုပေါင်း ၃ မှုနဲ့ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။
အခုရုံးချိန်းမှာတော့ စစ်ကောင်စီရဲ့ တရားလိုဖြစ်တဲ့ မော်လမြိုင်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အရာရှိကို စတင်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီအမှုအတွက် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို လာမယ့် ဇန်နဝါရီ ၁၉ ရက်မှာ ထပ်မံရုံးထုတ် စစ်ဆေးဖို့ စီစဉ်ထားတာပါ။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှု အမှု ၃ မှု အပါအဝင် အဂတိလိုက်စားမှု အမှု ၉ မှု၊ စုစုပေါင်း အမှု ၁၂ မှုနဲ့ တရားရင်ဆိုင်နေရတာပါ။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံကိုတော့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ အထူးတရားရုံး ဖွင့်လှစ်ပြီး စစ်ဆေးနေတာပါ။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံကိုတော့ စစ်ကောင်စီက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့တုန်းက နိုင်ငံဝန်ထမ်းတွေ CDM လှုပ်ရှားမှုမှာ ပါဝင်ပေးဖို့ တိုက်တွန်းခဲ့တယ်ဆိုတဲ့ ပုဒ်မ ၅၀၅(ခ) နဲ့ အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ်အမိန့်ချမှတ်ထားတာ ဖြစ်ပါတယ်။