အိန္ဒိယတွင် အိုမီခရွန် ကူးစက်မှု မြင့်တက်

အိန္ဒိယနိုင်ငံတလွှား ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံဦးရေ သိသိသာသာ မြင့်တက်နေတာကို ရင်ဆိုင်နေရပေမဲ့ ဒီအပတ်ထဲမှာ လူတွေကြပ်ညပ်နေတဲ့ စျေးတွေမှာ ထောင်ချီတဲ့လူတွေ စျေးဝယ်နေတာကို မြင်တွေ့ရပါတယ်။

နှစ်စတည်းက အမြန်ကူးစက်လွယ်တဲ့ အိုမီခရွန်ဗီဇမျိုးကွဲကြောင့် နေ့စဉ် အသစ်ကူးစက်ခံ ဦးရေဟာ ၈ ဆနီးပါးအထိ ခုန်တက်ခဲ့တာပါ။

အိုမီခရွန်ဗီဇမျိုးကွဲဟာ လက္ခဏာမပြတဲ့လူနာ ဒါမှမဟုတ် လက္ခဏာအပျော့စားပြတဲ့ လူနာဆီကနေ နောက်ထက် လူ ၂၀-၂၅ ယောက်ဆီအထိ ကူးစက်နိုင်တာဖြစ်လို့ ကိုဗစ်-၁၉ ထိန်းချုပ်ရေး စည်းမျဉ်းတွေကို လိုက်နာကြဖို့ ဂျိုင်ပါမြို့ ဆာဝေမန်ဆင်းဂ်ဆေးရုံက ဒေါက်တာ ဆုဒ်ဒီယာဘန်ဒါရီက ပြည်သူတွေကို တိုက်တွန်းပြောပါတယ်။

ဆေးရုံက အထူးကြပ်မတ်ကုသဆောင်ကိုလည်း ကိုဗစ်-၁၉ လူနာတွေအတွက် စပြီး ပြင်ဆင်နေပါတယ်။ 

ဒီနှစ် အိုမီခရွန် ကူးစက်လှိုင်းဟာ ၂၀၂၁ ဧပြီမှာ ဖြစ်ခဲ့တဲ့ ကူးစက်လှိုင်းထက်စာရင် ပိုပျော့မယ်လို့ နယူးဒေလီဝန်ကြီးချုပ် အာဗင်ဒ်ကေဂျရီဝါက ပြောပါတယ်။

အိန္ဒိယမှာ အင်္ဂါနေ့က ကိုဗစ်-၁၉ ကပ်ရောဂါ အသစ်ကူးစက်ခံဦးရေ ၁၆၈၀၀၀ ကျော်ခဲ့ပြီး ၁ လအတွင်း အဆ ၂၀ တက်လာတာပါ။

အဖြစ်အများဆုံး ဗိုင်းရပ်စ်အမျိုးအစားအဖြစ် ဒယ်တာဗီဇမျိုးကွဲရဲ့ နေရာကို အိုမီခရွန်က ကျော်တက်ခဲ့ပါတယ်။ တရက်အတွင်း ကူးစက်ခံ သေဆုံးသူ ဦးရေ ၂၇၇ ယောက် ရှိခဲ့လို့ စုစုပေါင်း ကူးစက်ခံ သေဆုံးသူဦးရေ ၄ သိန်း ၈ သောင်းကျော်ခဲ့ပြီး စုစုပေါင်း ကူးစက်ခံ ဦးရေကတော့ ၃၅ ဒသမ ၈၈ သန်း ရှိလာခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံ သေဆုံးသူ အများဆုံးနိုင်ငံတွေကတော့ အမေရိကန်နဲ့ ဘရာဇီး တို့ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

//
More News
Up