စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်က ကျေးရွာတွေအတွင်းမှာ စစ်ကောင်စီတပ်က အင်အား ၂၀၀ ကျော်နဲ့ ဝင်ရောက်မွှေနှောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာကြောင့် ဒေသခံတွေသောင်းချီပြီး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က မြောင်မြို့နယ်အတွင်းက ပေါက်တောကျေးရွာ၊ မင်းတန်းကျေးရွာနဲ့ လှေတင်ဦးကျေးရွာတွေကို ဇန်နဝါရီ ၁၀ ရက်နေ့မှာ သေနတ်ပစ်ဖောက်ပြီး ဝင်ရောက်စီးနင်းကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က မနက်ပိုင်းက ညနေပိုင်းအထိ နေအိမ်တွေအတွင်း ဝင်ရောက်ပြီး ခိုးယူ မီးရှို့ဖျက်ဆီးမှုတွေပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
ဇန်နဝါရီ ၁၀ ရက်နေ့ ညပိုင်းမှာလည်း ဧရာ၀တီမြစ်နဲ့ ချင်းတွင်းမြစ်ကမ်းတစ်လျောက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ အသင့်ပြင်ဆင်ထားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ပေါက်တော ရွာဘက်ကို (-) တွေ ရောက်ပြီး ရွာထဲမှာ မွှေနှောက်တယ်။ မင်းတန်းရွာဘက်တွေကို မီးရှို့နေတယ်။ မနက် ၇ နာရီလောက်ကတည်းကပဲ လှေတင်ဦးရွာဘက်က နေအိမ်တွေမှာ ဝင်ခိုးတာတွေ ဖောက်ထွင်းတာတွေနဲ့ ဝင်မွှေနှောက်နေတယ်။ ရွာတွေက ပြည်သူတွေလည်း ထွက်ပြေးနေရတယ်။ သောာင်းတော့ကျော်မယ်၊ လျော့တော့မလျော့ဘူး ပိုတာပဲဖြစ်မယ်။ မြစ်ရိုးတလျှောက်မှာလည်း (-) တွေ လက်နက်ကြီးတွေနဲ့ အဆင်သင့်ရှိနေကြတယ်။ အခုညပိုင်းအထိပဲ ဧရာဝတီရော၊ ချင်းတွင်းရော၊ ကျွန်းထဲရွာတွေ သတိထားနေကြဖို့ ပြောချင်တာပါ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်ရက်လောက်ကတည်းက စစ်ကောင်စီတပ် အင်အား ၁၀၀ လောက်နဲ့ မြောင်မြို့နယ်ကို ရောက်ရှိနေတာဖြစ်ပြီး မင်းတန်း ကျေးရွာဘက်မှာ အင်အား ၆၀ ကျော်၊ ကျောက်ဖူးကုန်းကျေးရွာဘက်ကို အင်အား ၄၀ လောက်နဲ့ ထိုးစစ်ဆင်နေတာလို့ ဒေသခံတွေဆီက သိရပါတယ်။
ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ မြင်းခြံမြို့နယ် ဆီမီးခုံမှာလည်း စစ်ကောင်စီတပ်တွေ ရောက်ရှိနေပြီး မြောင်ဒေသက စစ်ရေးအခြေအနေကို စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။
မြောင်မြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားတာ မရှိပေမယ့်လည်း စစ်ကောင်စီတပ်က အခုလိုဝင်ရောက်ပြီး နေအိမ်တွေကို ဖျက်ဆီးနေတာကြောင့် နဘက်၊ ရွာသစ်၊ ဘုရင်ဂျီ၊ သောင်ကြီး၊ ပေါက်တော၊ မင်းတန်း၊ သာဒွန်း၊ ဘုန်းကောင်း စတဲ့ ကျေးရွာဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။