မြိုင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၂ ယောက်ဟာ ဇန်နဝါရီ ၁၀ ရက်က စစ်ကောင်စီတပ်တွေရဲ့ အဝိုင်းခံနေရချိန်မှာ မိုင်းတွေခွဲပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တယ်လို့ တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ဘက် ကိုင်းတောမလမ်းမှာ စစ်ကောင်စီတပ်သား ၅၀ လောက်၊ အနောက်ဘက် ဗဟင်းလမ်းမှာ စစ်ကောင်စီတပ်သား ၁၀၀ လောက်နဲ့ မြောက်ဘက် မင်းသားကျလမ်းမှာ အင်အား ၈၀ လောက် စစ်ကြောင်းထိုး တောနင်းနေခဲ့တာလို့ ဆိုပါတယ်။
ဗဟင်းလမ်း သက္ကယ်ကန်ရွာနားမှာ မြိုင် PDF က ရဲဘော်၂ ယောက်ဟာ စစ်ကောင်စီဝိုင်းခံရလို့ မိုင်းတွေနဲ့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တယ်လို့ ဆိုပါတယ်။
ကျဆုံးရဲဘော်၂ ယောက်ကို သူရဲကောင်းတွေအဖြစ် တပ်ဖွဲ့က မှတ်တမ်းတင်ပြီး မိဘပြည်သူတွေအနေနဲ့ လုံခြုံတဲ့နေရာတွေမှာ နေထိုင်ကြဖို့ သတိပေး မေတ္တာရပ်ခံထားပါတယ်။
မြိုင်တမြို့နယ်လုံးမှာ စစ်ကောင်စီတပ်သား အင်အား ၄၀၀ လောက်နဲ့ တမြို့နယ်လုံးကို စစ်ကြောင်းထိုးနေပြီး မနေ့ကတော့ မြိုင် ပခုက္ကူလမ်းမှာ မိုင်းရှာနေတဲ့ စစ်သားတွေကို မိုင်းခွဲတိုက်ခိုက်လို့ စစ်သား ၁၀ ယောက်လောက်သေပြီး ညနေပိုင်းမှာလည်း ထန်းငယ်တောနားမှာ မိုင်းခွဲလို့ ကားမှောက်ပြီး စစ်သား ၇ ယောက်လောက်သေသွားတယ်လို့ မြိုင် ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားပါတယ်။