Home
ဆောင်းပါး
ပြည်သူ့ထံမကြာခင် လက်နက်ချအညံ့ခံရမယ့် ဖက်ဆစ်တပ်မတော်
DVB
·
January 7, 2022

လူသားတွေရဲ့သမိုင်းတလျှောက်မှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲများစွာဟာ နောက်ဆုံး စစ်ရှုံးသူတို့ ချေမှုန်းခံရလို့ဖြစ်စေ၊ စစ်ရှုံးသူတို့ လက်နက်ချအညံ့ခံလို့ဖြစ်စေ အဆုံးသတ်ရလေ့ရှိပါတယ်။

လူပေါင်း သန်း ၇၀ နီးပါး သေကျေပျက်စီးခဲ့ရပြီး စစ်ပွဲတစ်ခုလုံးအတွက် ကုန်ကျစရိတ် အကြမ်းဖျင်းအားဖြင့် အမေရိကန်ဒေါ်လာ ၁ ထရီလီယံ (၁,ဝ၀ဝ ဘီလီယံ) ဒေါ်လာသန်းပေါင်း တစ်သန်း) ခန့် ကုန်ကျဆုံးရှုံးခဲ့ရတဲ့ ဒုတိယကမ္ဘာစစ်ကြီးမှ ၁၉၄၅ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် အီတလီ ဖက်ဆစ်ဆန့်ကျင်ရေးသမားများက အာဏာရူး မူဆိုလီနီအား သုတ်သင်ခဲ့ကြပါတယ်။ ၁၉၄၆ ခုနှစ် မေလ ၁ ရက်နေ့မှာ‌တော့ နာဇီဂျာမဏီအာဏာရှင်ဟစ်တလာ သေဆုံးပြီဆိုတဲ့ သတင်းကို ဂျာမန်ရေဒီယိုက ကြေညာခဲ့ပါတယ်။ မေလ ၇ ရက်နေ့ မှာတော့ ဂျာမနီက ချွင်းချက်မရှိ လက်နက်ချခဲ့ပါတယ်။

၁၉၄၅ ခုနှစ် ဩဂုတ် ၆ ရက်နေ့မှာ ဂျပန်နိုင်ငံ ဟီရိုးရှီးမားမြို့ပေါ်ကို အမေရိကန်က ပထမဆုံးအကြိမ် အနုမြူဗုံးတစ်လုံး ကြဲချခဲ့ပြီး ဩဂုတ်လ ၉ ရက်နေ့မှာ နောက်ထပ် အနုမြူဗုံးတစ်လုံးကို ဂျပန်နိုင်ငံ နာဂစကီမြို့ပေါ်သို့ ကြဲချခဲ့ပြီးတဲ့နောက် ၁၉၄၅ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့မှာ ဖက်ဆစ်ဂျပန်တွေ လက်နက်ချ အရှုံးပေးခဲ့ရတာကြောင့် ကြောက်မက်ဖွယ်ကောင်းလှတဲ့ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးခဲ့ရပါတော့တယ်။

မြန်မာနိုင်ငံမှာတော့ နိုင်ငံရေးပဋိပက္ခတွေကြားမှာ ၁၉၅၈ ခုနှစ်ကစပြီး အခွင့်လမ်းရသွားတဲ့ လူမျိုးကြီးဝါဒကို အရင်းတည်ပြီးလုပ်စားသွားတဲ့ ဖက်ဆစ်စစ်တပ်ဟာ လူမျိုးငယ်စုအားလုံးကို သာလွန်အင်အားနဲ့ ဗိုလ်ကျဖိနှိပ်အုပ်စီးခဲ့တာ နှစ်ပေါင်း ၆၀ ကျော်ပြီးတဲ့နောက် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးကြီး နိုင်ငံတဝန်းလုံးဖြစ်ပွားလို့ အရှိန်ရလာပြီးတဲ့နောက် စစ်အာဏာရှင်စနစ်အဆောက်အုံကြီးဟာ စတင်ပြိုဆင်းလို့လာပါပြီ။

အဖိုးတန်တဲ့ ပြည်သူအသက်ပေါင်း ၁ သိန်းခွဲကျော် ဆုံးပါးခဲ့ရပြီး တောင်ပေါ်မြေပြန့်မကျန်က အပြစ်မဲ့ပြည်သူသန်းချီပြီး စစ်ဘေးရှောင်စေရတဲ့ ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်မီးတောက်ကြီး လောင်ကျွမ်းလို့ နိုင်ငံကိုပြာကျစေတဲ့ တရားခံ ဖက်ဆစ်စစ်အာဏာရှင် အခွင့်ထူးခံလူတသိုက်နဲ့ နောက်လိုက်တွေရဲ့ နိဂုံးဟာ အဆုံးထိတိုက်ဖို့ သန္နိဋ္ဌာန်ချထားတဲ့ ပြည်သူတွေရဲ့ ကြိုးပမ်းချက်တွေနဲ့ တစတစနီးကပ်လာခဲ့ရပါတယ်။

လက်ရှိ မြန်မာမှာသာမက ကမ္ဘာ့ရဲ့ နိုင်ငံရေးဇာတ်ခုံကြီးမှာ ဖြစ်ထွန်းလာတဲ့ အ‌ခြေအနေအရပ်ရပ်က ညွှန်ပြနေတာကတော့ အားလုံးရဲ့စွန့်ပယ်ကျောခိုင်းခံရတဲ့ အထီးကျန်အာဏာရှင်နောက်လိုက် ဖက်ဆစ်တပ်မတော်ဟာ မကြာခင် ပြည်သူ့လူထုထံမှာ လက်နက်ချရတော့မှာဖြစ်ပါတယ်။ 

လူတန်းစားပေါင်းစုံ၊ မျိုးဆက်ပေါင်းစုံ၊ တိုင်းရင်းသားလူမျိုးအားလုံးနဲ့တကွ ပြည်သူလူထုတရပ်လုံးရဲ့ ဘက်‌ပေါင်းစုံဆန့်ကျင်တော်လှန်မှုကို ခံနေရတဲ့ အခွင့်ထူးခံအာဏာရှင်စနစ်နဲ့ ဖက်ဆစ်စစ်တပ်ဟာ လူသူအင်အား၊ လက်နက်၊ ငွေကြေး၊ ပြည်တွင်းပြည်ပ ထောက်ခံမှု စတဲ့ကဏ္ဍပေါင်းစုံမှာ ယိုယွင်းကျဆင်းလို့ ချိနဲ့လာနေတာ ဘယ်သူမှမ ငြင်းနိုင်ကြပါဘူး။

အရူးမီးဝိုင်းခံရသလို အများပြည်သူရဲ့ ဘုံရန်သူဖြစ်လာခဲ့တာကြောင့် အင်အားဆုတ်ယုတ်လာတဲ့ ဖက်ဆစ်စစ်တပ်ဟာ စစ်မျက်နှာလျော့ချဖို့ ဒီဇင်ဘာ ၁၅ ရက်နေ့က KNU ထိန်းချုပ်နယ်မြေ လေးကေ့ကော် ကရင်ပူးပေါင်းအဖွဲ့တွေနဲ့ တိုက်ပွဲဝင်နေစဉ်မှာပဲ မီးစတဖက် ရေမှုတ်တဖက်သဘောနဲ့ စစ်ကောင်စီ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ မြောက်ပိုင်းရှိ မိုင်းလားကို သွားရောက်ပြီး တရုတ်နိုင်ငံ အကူအညီဖြင့် အဲ့ဒီဒေသက တိုင်းရင်းသား လက်နက်ကိုင်‌တွေနဲ့ ဆွေးနွေးပွဲ‌တွေ ကျင်းပလာရပါတယ်။

၁၉၈၈ ခုနှစ်မှာ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ ရိုက်ချက်‌ကြောင့် ပြိုဆင်းလာရတဲ့ စစ်အာဏာအခွင့်ထူးခံစနစ်ကို ၂၀၀၈ နာဂစ် စစ်ကျွန်အခြေခံဥပဒေနဲ့ ကျားကန်တောင့်ခံခဲ့ပေမဲ့ အခုတစ်ခါ ပိုမိုပြင်းထန်တဲ့ ၂၀၂၁ နွေဦးတော်လှန်ရေးမှာတော့ သူတို့ကို အကာအကွယ်ပေးမဲ့ ခြေဥလည်း မရှိတော့ပါဘူး။

မီးဇာကုန်ဆီခန်းနေတဲ့ စစ်အခွင့်ထူးခံစနစ်ဆိုးကို ပခုံးထမ်းတင်အလုပ်ကျွေးပြုနေတဲ့ လူမျိုးကြီး၊ ဘာသာကြီးဝါဒနဲ့ မျက်စိပိတ်နားပိတ်၊ နှလုံးသားပိတ်နေသူတွေဆိုတာ လူနည်းစုသာဖြစ်တာမို့ ဒီတစ်လှည့်မှာတော့ သေခြာပေါက် အမြစ်လှန်ရှင်းလင်းခံရမှာဖြစ်ပါတယ်။

ထောင်ပေါင်းများစွာသော တက်ကြွလှုပ်ရှားသူတွေ၊ လူမှုအာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာ ပါဝင်သူတွေ၊ ပါမောက္ခတွေ၊ သမားတော်တွေ၊ နိုင်ငံရေးသမားတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ထင်ရှားကျော်ကြးသော အနုပညာရှင်တွေနဲ့ သူတို့ရဲ့ မိသားစုတွေဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ခိုလှုံနေပြီး ကရင်ပြည်နယ်ဟာ လူသိများ ခိုလှုံရာနေရာဖြစ်ပါတယ်။ အာဏာသိမ်းမှုဖြစ်ပြီးနောက် KNLA တပ်မဟာ ၆ ထိန်းချုပ်ဒေသ တခုတည်းမှာပဲ စုဝေးရောက်ရှိလာတဲ့ စစ်ကောင်စီဆန့်ကျင်သူနဲ့ PDF အဖွဲ့ဝင် ၃၀၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။

ကရင်လူမျိုး‌တွေရဲ့ KNLA တပ်မဟာ ၁၊ ၂၊ ၃၊ ၅ နှင့် ၆ နဲ့ ကချင်လူမျိုးတွေ KIA တပ်မတော်တပ်ဖွဲ့တွေ ချင်းလူမျိုးတွေရဲ့ Chinland Defence Force (CDF) တပ်ဖွဲ့တွေ၊ ကယားလူမျိုးတွေရဲ့ Karenni Army (KA) တပ်ဖွဲ့တွေ၊ ကိုးကန့်လူမျိုးတွေရဲ့ The Myanmar National Democratic Alliance Army (MNDAA) မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်တို့နဲ့ ထိတွေ့တဲ့တိုက်ပွဲတွေမှာ အကြမ်းဖက်ဖက်ဆစ်စစ်တပ်ဟာ အထိအခိုက် အကျအဆုံးများလှပါတယ်။

အထက်က တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်တပ်တွေထဲက အများစုဟာ အကြမ်းဖက်စစ်ကောင်စီကို လက်နက်စွဲကိုင်တိုက်ခိုက်ဖို့ ရောက်လာကြတဲ့ ပြည်မက ရဲရင့်တဲ့ ပြည်သူတွေကို သင်တန်းများပေးကာ နိုင်ငံအတွင်း မြို့ကြီးမြို့ငယ် အများအပြားမှာ မြို့ပြပြောက်ကျားလှုပ်ရှားမှုလုပ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့‌တွေကို လက်နက်ခဲယမ်းမီး‌ကျောက်တွေ ထောက်ပံ့ကူညီခဲ့ကြပါတယ်။

ပြည်နယ်တိုင်း မြို့ရွာတွေမှာ မိုးဦးကျမှိုတွေလို အလျှိုလျှိုပေါ်လာကြတဲ့ ရာဂဏန်းကျော်လာတဲ့ Local PDF ဟာ စစ်ကိုင်းတိုင်းတစ်တိုင်းလုံးလိုလိုနဲ့ မကွေးတိုင်းနေရာ အတော်များများ၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ နေပြည်တော်၊ ချင်းပြည်နယ် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ် ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ PDF တပ်ဖွဲ့ဝင်တွေ တိုးပွားလာနေတဲ့အပြင် PLA/PRA စတဲ့ အမည်အမျိုးမျိုးနဲ့ စစ်တပ်ဆန့်ကျင်‌ရေး လက်နက်ကိုင်တပ်ဖွဲ့များလည်း ပေါ်ပေါက်လာတာမို့ တနိုင်ငံလုံးအတိုင်းအတာနဲ့ဆို မြန်မာဖက်ဆစ်စစ်တပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ အင်အားသိန်းဏန်းအထိ တချို့ ရှိနိုင်ပါတယ်။

အထူးသဖြင့် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ ‌‌‌‌‌နွေဦးတော်လှန်ရေးအင်အားစုများဟာ နေရာအနှံ့ ထယ်ကျိုးတွေဖဲ့ပြီး ရရာယမ်းတွေနဲ့ ပြုလုပ်ထားတဲ့ လက်လုပ်မိုင်း‌တွေ၊ တူမီး၊ လက်လုပ်သေနတ်တွေနဲ့ စစ်ဆင်တိုက်ခိုက်နေတာကြောင့် ချင်းပြည်နယ်၊ ကရင်နီပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့မှာရှိတဲ့ စစ်တပ်နဲ့ ရဲစခန်းငယ်‌တွေကို မြန်မာစစ်တပ်က ပြန်လည်စွန့်ခွာ‌ပေးခဲ့ရပြီး  PDF တော်လှန်ရေးတပ်ဖွဲ့‌တွေဘက်က အသာစီးရလာကို တွေ့ကြရပါတယ်။

အဲ့ဒီလိုပြည်တွင်းမှာ ပြည်သူတွေဘက်က အားကောင်းလာစဉ်မှာ နိုင်ငံတကာအသိုင်းအဝိုင်းဘက်မှာ အထူးသဖြင့် အမေရိကန်နိုင်ငံဟာ ဖေဖော်ဝါရီ ၁ ရက်အာဏာသိမ်းကတည်းက မြန်မာအစိုးရပိုင်ဆိုင်မှု ဒေါ်လာ ၁ ဘီလီယံကို ချက်ချင်းထိန်းချုပ်ခဲ့ပါတယ်။ အာဏာလုစစ်ခေါင်းဆောင်တွေနဲ့ သူတို့မိသားစု၀င်တွေ၊ စစ်တပ်ရဲ့ ပင်မထောက်တိုင်တချို့ကို ပိတ်ဆို့အရေးယူခဲ့ပါ‌သေးတယ်။ အမေရိကန်ရောက်မြန်မာလူမျိုးတွေကို ဆက်လက်နေထိုင်ခွင့်သက်တမ်းတွေ တိုးပေးခဲ့သလို ပြည်သူ့ဒီမိုကရေစီဘက်က ရပ်တည်ခဲ့တဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ်နေရာမှာ ဆက်ရှိနေဖို့ ထောက်ခံခဲ့ပါတယ်။ဂျပန် စင်ကာပူနဲ့ ထိုင်းအပါအ၀င် နိုင်ငံတွေဆီကို အဆင့်မြင့်ကိုယ်စားလှယ်တွေ စေလွှတ်ပြီး အရေးယူကြဖို့ စည်းရုံးခဲ့ပါ‌သေးတယ်။ အာဆီယံက မြန်မာစစ်တပ်ကို ဖိအားပေးဖို့ နိုင်ငံခြားရေး၀န်ကြီးဌာနအဆင့်မြင့်အရာရှိတွေ သွားရောက်စည်းရုံးပါတယ်။ အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan ကိုယ်တိုင် မြန်မာပြည်သူတွေရဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို အသိအမှတ်ပြုတဲ့အနေနဲ့ NUG ကိုယ်စားလှယ်တချို့နဲ့ အွန်လိုင်းဆွေးနွေးပွဲလုပ်ခဲ့တဲ့အပြင် NUG ကို ကိုဗစ်ကုသကာကွယ်ဖို့ ဒေါ်လာသန်း ၅၀ ပေးအပ်ခဲ့ပါတယ်။

မကြာ‌သေးခင်က အမေရိကန်သမ္မတ ဘိုင်ဒန် လက်မှတ်ရေးထိုး အတည်ပြုလိုက်တဲ့ (NDAA 2022) အမေရိကန်ကာကွယ်ရေးလုပ်ပိုင်ခွင့်ဥပဒေဟာ မြန်မာနိုင်ငံက အာဏာရူးစစ်ကောင်စီ ကိုဖြုတ်ချပြီး ပြည်သူ့ဒီမိုကရေစီပြန်လည်ထူထောင်ရေးအတွက် အရေးကြီးတဲ့အဆင့်ဖြစ်လာပြီလို့ ဝါရှင်တန် The National War College က ပါမောက္ခ Dr. Zachary Abu ရဲ့ပြောကြားချက်အရဆို ၂၀၂၂ ခုနှစ်မှာ NUG နဲ့ PDF EAOs တပ်ဖွဲ့တွေအတွက် အကူအညီတွေ ပုံစံအမျိုးမျိုးနဲ့ရလာမှာ သေချာပါတယ်။

ဒီဆောင်းပါးကိုနိဂုံးချုပ်ရရင် ကမ္ဘာ့သမိုင်းဖြစ်စဉ်တိုင်းမှာ ပြည်သူအများစုရဲ့ စွန့်ပစ်ကျောခိုင်းတာခံရတဲ့ ဘယ်လိုစစ်အာဏာရှင်မျိုးမဆို အချိန်တိုတိုအတွင်း ကျဆုံးကြရတာပဲဖြစ်ပါတယ်။ ရို‌မေးနီးယားက ချောင်ဆက်စကူး၊ အီရတ်က ဆဒမ်ဟူစိန်၊ လစ်ဗျားက ကဒါဖီ၊ အင်ဒိုနီးရှားက ဆူဟာတို၊ ဖိလစ်ပိုင်က မားကို့စ်တို့ဟာ ပထမပိုင်း သူတို့ရဲ့အလိမ်အညာတွေအောက်မှာ နားယောင်သူတွေများနေချိန်မှာ ခဏတာစံစားရပေမဲ့ ရေရှည်မှာ ပြည်သူတွေရဲ့ ဘဝပေးအသိအရ လက်မခံတော့ဘဲ ဆန့်ကျင်ကျောခိုင်းပြီဆိုတာနဲ့ လက်နက်ချရင်ချ၊ မချရင် မလှမပဆိုးဝါးလှတဲ့ နိဂုံးနဲ့ အဆုံးသတ်ရင်သတ်၊ ဒါမှမဟုတ်တိုင်းပြည်ကနေ ထွက်ပြေးကြရတာပဲဖြစ်ပါတယ်။ 

ဒါကြောင့် ဒီနှုန်းအတိုင်းဆက်ဖြစ်နေခဲ့ရင် အချိန်နဲ့တပြေးညီ စိတ်ဓာတ်နဲ့ လူအင်အားတ‌နေ့တခြား တောင့်တင်းကြီးထွားလာနေတဲ့ အဆုံးထိတိုက်မဲ့ မြန်မာပြည်သူပြည်သားတွေနဲ့ တဖက်မှာ အချိန်နဲ့အမျှ အဖက်ဖက်မှာ အကျအဆုံးများစွာရင်ဆိုင်လာရပြီး စိတ်ဓာတ်ကျဆင်း ရုပ်ပိုင်းဆိုင်ရာ ယိုယွင်းလာတဲ့ ဖက်ဆက်စစ်တပ်ရဲ့ ရှင်သန်ရေးဆိုင်ရာ လက်နက်ကိုင်ပဋိပက္ခကြီးမှာ ပြည်သူအများစု မထောက်ခံတဲ့ အကြမ်းဖက်အာဏာရှင်အုပ်စုဟာ ၂၀၂၂ ခု နှစ်လယ်ပိုင်း မရောက်ခင်ကို အတိတ်တုန်းက သူတို့အနိုင်ကျင့်စော်ကား ဗိုလ်ကျခဲ့ဖူးတဲ့ တိုင်းရင်းသား ရဟန်းရှင်လူ မိဘပြည်သူတွေထံ လက်နက်ချအညံ့ခံရမယ့် အခြေအနေတွေ ဖြစ်ထွန်း‌နေပါကြောင်း။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024