Home
မြန်မာသတင်း
စစ်ကိုင်းနှင့်မကွေးတိုင်းတို့တွင် တိုက်ပွဲများဖြစ်ပွား၊ ဒေသခံနေအိမ်အချို့ကို စစ်တပ်က ဖျက်ဆီး
DVB
·
January 2, 2022

စစ်ကိုင်းနှင့်မကွေးတိုင်းတို့မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားတာကြောင့် နှစ်ဘက် ထိခိုက်ကျဆုံးတာတွေ ရှိခဲ့ပြီး ဒေသခံပြည်သူအချို့ရဲ့ နေအိမ်တွေလည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကြံသာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ဇန်နဝါရီ ၁ ရက် မနက် ၉ နာရီကျော်လောက်ကစပြီး ၃ နာရီလောက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

CDF-KKG တပ်ဖွဲ့ဝင်တွေ ထောင်ထားတဲ့ မိုင်း ၄ ကြိမ်ဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အထိခိုက်အကျအဆုံးများနိုင်ပေမဲ့ စာရင်းအတိအကျကိုတော့ အတည်မပြုနိုင်သေးဘူးလို့ CDF-KKG က ပြောပါတယ်။

ကလေးမြို့နယ် တောင်ပိုင်းက ကြံသာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်အင်အား ၅၀ လောက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇန်နဝါရီ ၁ ရက်နေ့မနက်ပိုင်းမှာ ဒရုန်းတွေလွှတ်ပြီး အင်အားနဲ့ အနေအထားကို ထောက်လှမ်းခဲ့ပြီးမှ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီခြေလျင်စစ်ကြောင်းဟာ မှန်တောကျေးရွာအတွင်းက နေအိမ် တွေနဲ့ ဆိုင်ကယ်တချို့ကို မီးရှို့ဖျက်ဆီးကာ အဖိုးတန်ပစ္စည်းတွေ ယူဆောင်သွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကမ်းပါးနီတံတားဘက်ကို ဂန့်ဂေါ -ကလေးလမ်းမကြီး အတိုင်းရော တောလမ်းတွေကိုရော အသုံးပြုပြီးတော့ စစ်ကြောင်းဖြန့်ကြတယ်။ အဲ့မှာ CDF ထောင်ထားတဲ့ မိုင်းတွေ တိုက်မိပြီး ပေါက်ကွဲမှုတွေဖြစ်တယ်။ သူတို့ဘက်က အသေထိခိုက်တာတွေဖြစ်တော့ တွေ့ရာရမ်းသန်းပစ်ရာက CDF တို့နဲ့ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ကြတာပေါ့၊ မှန်တောမှာ ရွာသားနှစ်ယောက်ကို ဖမ်းခေါ်သွားတယ်။ အိမ်တွေကိုလည်း ၁၀ လုံးမကဘူး ဖောက်ထွင်းမွှေနှောက်သွားတာ ဆိုင်ကယ် ၃ စီးကိုလည်း မီးရှို့သွားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ကျေးရွာထဲက ထွက်ပြေးတိမ်းရှောင်ကြတဲ့ ကျေးရွာသားတွေကိုလည်း စစ်ကောင်စီတပ်က လိုက်လံပစ်ခတ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

တန့်ဆည်မြို့ပေါ်မှာတော့ နေအိမ်တွေကို လိုက်လံချိပ်ပိတ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဇန်နဝါရီ ၁ ရက် ညနေပိုင်းက အနီးကပ်မိုင်းဆွဲခဲ့တာကြောင့် စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားတယ်လို့ တန့်ဆည် ဖီးနစ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဇန်နဝါရီ ၁ ရက်  ညနေ ၃ နာရီကျော်က တန့်ဆည်မြို့ မေတ္တာမြိုင်ရပ်ကွက်က ကိုဇင်မိုးအောင် နေအိမ်နဲ့ ရွာသစ်ကျေးရွာက ကိုအေးကျော်ဝင်းရဲ့နေအိမ်တွေအား PDF အဖွဲ့တွေကို ထောက်ပံ့ပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ချိပ်ပိတ်ခဲ့ပြီး အပြန်မှာ မိုင်းဆွဲခံရတာလို့ ဒေသခံတွေဆီက သိရပါတယ်။

တန့်ဆည်ရဲစခန်းက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက စတင်ပြီး တန့်ဆည်မြို့ပေါ်က နေအိမ်တွေကို PDF အဖွဲ့တွေနဲ့ ဆက်နွှယ်ထောက်ပံ့မှုတွေ ပေးနေတယ်လို့ဆိုကာ နေအိမ် ၈ လုံးကို ချိပ်ပိတ်ခဲ့ပါတယ်။

ဇန်နဝါရီ ၁ ရက်မနက်  ၉ နာရီဝန်းကျင်ကလည်း ရေဦးမြို့ အင်တောကျေးရွာမှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားတွေကို တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် တပ်မ ၇၇ က စစ်ကောင်စီ တပ်သား ၅ ဦး သေဆုံးခဲ့ပြီး  ဒဏ်ရာရရှိသူများတယ်လို့လည်း သိရပါတယ်။

ဝက်လက်မြို့နယ်မှာလည်း ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်နဲ့ ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဝက်လက်မြို့ နယ်အရှေ့ခြမ်း ဘုရားလေးကုန်းကျေးရွာ အတွင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ  အင်အား ၇၀ လောက်နဲ့ ဒေသကာကွယ်ရေးတပ်တွေ ညနေ ၄ နာရီဝန်းကျင်မှာ စတင် တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦး ကျဆုံးခဲ့တယ်လို့ ဝက်လက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ထုတ်ပြန်ထားပါတယ်။ 

ဒီနောက် စစ်ကောင်စီတပ်က ညအချိန် စစ်ရဟတ်ယာဉ် ၂ စီးသုံးပြီး ထပ်မံ တိုက်ခိုက်ခဲ့တာကြောင့် PDF ရဲဘော် ၁ ဦး ကျဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ဇန်နဝါရီလ ၁ ရက်နေ့ မနက် ၆ နာရီလောက်ကလည်း စစ်ကောင်စီတပ် အင်အား ၃၀ လောက်က ဘုရားလေးကုန်းကျေးရွာထဲမှာ လှည့်လည်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာကြောင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်ပစ်ခတ်ရာမှ ညနေ ၅ နာရီလောက်အထိ နှစ်ဖက် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ 

ဝက်လက်ဒေသကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ တာဝန်ရှိသူတစ်ဦးက “ညနေ ၅ နာရီအထိ တိုက်ပွဲပြင်းထန်နေခဲ့ပါတယ်။ ပစ်ခတ်မှုကြောင့် ရွာအရှေ့ဘက်ကို ထွက်ပြေးသွားတဲ့ အကြမ်းဖက် စစ်သား ၃၀ လောက်ကို ကျနော်တို့အဖွဲ့က ကျားထိုးလိုက်ပစ်နေချိန် ညနေ ၆ နာရီလောက်မှာ နမခ က ဟတ်စကီးနဲ့ တိုက်ပွဲဖြစ်ပွားရာ ဘုရားလေးကုန်းကျေးရွာအနီးတဝိုက်မှာ မိနစ် ၃၀ လောက် စက်သေနတ်တွေ၊ ဗုံးသီးတွေနဲ့ အဆက်မပြတ်ကြဲချခဲ့တယ်” လို့ ပြောပါတယ်။

နှစ်ဘက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၄၀ လောက် သေဆုံးခဲ့ကြောင်း  ဒေသကာကွယ်ရေးတပ်တွေက ထုတ်ပြန်ထားပေမယ့် ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဇန်နဝါရီ ၁ ရက်နေ့ မနက် ၃ နာရီလောက်က ဝက်လက်မြို့နယ် ဆားတောင်ကျေးရွာနဲ့ ရွာသာကြီးကျေးရွာကြား  တစ်ကောင်ဒေါင့်ကျေးရွာအနီးမှာ စစ်ကောင်စီ Express ကားတစ်စီးကို ဒေသကာကွယ်ရေးပြောက်ကျားအဖွဲ့က မိုင်း ၇ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန စစ်ရေးသတင်းအကျဥ်းချုပ်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၃၁ ရက် ညပိုင်းကလည်း မကွေးတိုင်း၊ ရေစကြိုမြို့နယ် မအူရဲစခန်းအတွင်းက ပစ်ခတ်တဲ့ လက်နက်ကြီး ထိမှန်တာကြောင့် ကျေးရွာသားတစ်ဦး  ဝမ်းဗိုက် အပြင်းအထန် ဒဏ်ရာရရှိပြီး ဆေးရုံတင်ထားရတယ်လို့ ကျေးရွာဒေသခံတွေက ပြောပါတယ်။

ရဲစခန်းအတွင်းက ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ မအူပန်းခြံအနီးက ဆိုင်တစ်ဆိုင်အနီးမှာ ကျရောက်ပေါက်ကွဲတာလို့ ဒေသခံတဦးက ပြောပါတယ်။

“ညက ပေါက်ကွဲတာပါ။ လက်နက်ကြီးတင်မကဘူး လက်နက်ငယ်တွေနဲ့ရော ရဲစခန်းထဲက ပစ်ဖောက်ကြတယ်။ လက်နက်ကြီးတစ်ခုက ပန်းခြံနားက ဆိုင်ရှေ့မှာ ကျပေါက်ကွဲသွားတာ ဆိုင်ထဲမှာ အိပ်ပျောနေတဲ့ ဦးအေးလွင်က ဗိုက်မှာ ထိမှန်သွားတယ်။ ဒဏ်ရာက ပြင်းထန်တော့ မုံရွာဆေးရုံကိုပို့ထားတယ်။ စိုးရိမ်ရတယ်လို့ ပြောတယ်။ လက်နက် ကြီးငယ်တွေနဲ့ New Year ညမှာ သူတို့တပ်စွဲထားတဲ့ မြို့ထဲကနေရာတွေမှာလည်း ပစ်ဖောက်ကြတယ်။” 

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၈ ရက်နေ့ကလည်း မအူရဲကင်းစခန်းကို ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီး တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ရဲ ၂ ယောက်ရဲ့ သေနတ်တွေ သိမ်းဆည်းရမိခဲ့ပါသေးတယ်။

ရေစကြိုမြို့ ရေလယ်ကျွန်းကျေးရွာမှာ သောင်တင်နေတဲ့ ကျောက်စိမ်းတင် ရေယာဉ် ၂ စီးပေါ် ပါလာတဲ့ စစ်ကောင်စီတပ်က ကျေးရွာတွေအတွင်းကို  ဇန်နဝါရီ ၁ ရက် မနက်အစောပိုင်းက လက်နက်ကြီးငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်တာကြောင့် ချင်းယားကျေးရွာက ပြည်သူတွေ မိုးကွဲကျေးရွာကို ရှောင်တိမ်းထွက်ပြေးကြပြီး ညောင်ပင်ကျေးရွာက ပြည်သူတွေဟာလည်း ငတရော်ကျေးရွာ ဘက်ကို ထွက်ပြေးတိမ်းရှောင်ကြတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024