Home
သတင်းဓာတ်ပုံ
ကရင်နီစစ်ရှောင်တစ်သိန်းကျော်အတွက် အစားအသောက်နှင့်ဆေးဝါးအကူအညီများ လိုအပ် (ဓာတ်ပုံ)
DVB
·
December 31, 2021

စစ်တပ်ရဲ့ မတရားအာဏာသိမ်းမှုကို အစောဆုံး လက်နက်ကိုင် တော်လှန်ခဲ့တဲ့ ကယားပြည်နယ်မှာ မေလကနေ လက်ရှိအချိန်ထိ ၈ လနီးပါးကာလအတွင်း နေရပ်စွန့်ခွာပြီး စစ်ရှောင်ရသူ တစ်သိန်းကျော် ရှိနေပြီဖြစ့်ပါတယ်။

နေရပ်စွန့်ခွာသူတွေစဟာ လက်ရှိအချိန်ထိ အိမ်ပြန်သူတွေ ရှိသလို စစ်ကောင်စီတပ်ရဲ့ မြေမြှပ်မိုင်းတွေနဲ့ စစ်ကြောင်းရန်တွေကို ကြောက်ပြီး နေရပ်မပြန်ရ‌သေးသူတွေလည်း ရှိပါတယ်။

“တစ်သိန်းကျော် ဝန်းကျင်တော့ စုစုပေါင်းရှိတယ်။ တချို့ကလည်း အိမ်တွေကို ခဏပြန်ကြတယ်လေ။ တချို့ကြတော့လည်း မပြန်ရဲကြဘူး။ စစ်ဖြစ်ရင်တော့ ပြန်ပြေးလာကြရတယ်" လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ကရင်နီပြည်နယ်အတွင်းရှိ တိုက်ပွဲတွေမှာ လူနေရပ်ကွက်တွေထဲ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ စစ်အင်အား အလွန်အကျွံ အသုံးပြုတာအပြင် လေကြောင်းတိုက်ခိုက်ခိုက်တာကိုလည်း အသုံးပြုခဲ့ပါတယ်။

ကျေးရွာတွေအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအပြီးမှာလည်း စစ်ကောင်စီတပ်တွေဟာ ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ ကျေးရွာတွေအတွင်း လူနေအိမ်တွေအနီး မြေမြှပ်မိုင်း ထောင်တာတွေကိုပါ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒါကြောင့် ဒေသခံတွေအနေနဲ့ တိုက်ပွဲများငြိမ်သွားပေမယ့် နေရပ်ပြန်ဖို့ အခက်အခဲနဲ့ စိန်ခေါ်မှ‌ေတွေ ရှိနေဆဲဖြစ်ပါတယ်။

စစ်ရှောင်တစ်သိန်းနီးပါး ရှိလာတဲ့ ကရင်နီပြည်နယ်မှာ စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေပါတယ်။

စစ်ရှောင်စခန်းရှိဆရာမတစ်ဦးက "စစ်ရှောင်တွေ အတွက်က ဆန်ဆီဆား အခြေခံစားသောက်ကုန်တွေ နဲ့  ဆေးဝါး‌တွေ အဓိက လိုတယ်" လို့ ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ကရင်နီပြည်နယ်အတွင်း ဒီးမော့ဆို၊ လွိုင်ကော်နဲ့ မိုးဗြဲတို့မှာ တဖက်နဲ့တဖက် စစ်ရေးအခြေအနေ တင်းမာနေပါတယ်။

စစ်ကောင်စီတပ်က လက်နက်အင်အား အသားစီးရနေပေမယ့် ဒေသခံကာကွယ်ရေးအဖွဲ့တွေကလည်း နယ်မြေကျွမ်းကျင်မှု အသာစီးရထားတာကြောင့် တိုက်ပွဲ မပြတ်သေးသော်လည်း ဒေသခံကာကွယ်ရေးအဖွဲ့တွေ ထိန်းချုပ်နိုင်တဲ့ နေရာတွေ ရှိလာတယ်လို့ သိရပါတယ်။

ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF) တာဝန်ရှိသူက "ကျနော်တို့ ထိန်းချုပ်နိုင်တဲ့နေရာတွေ အတော်များများရှိလာတယ်။ ဒါပေမယ့် အုပ်ချုပ်ရေးဘက်မှာတော့ အားနည်းနေသေးတယ်လို့ ဝန်ခံရမယ်။ စစ်ကောင်စီဘက်ကလည်း သူတို့ရဲ့ အုပ်ချုပ်ရေးယန္တရားကို လွိုင်ကော်တခုပဲ လုပ်နိုင်ပါတယ်။ ကျနော်တို့ဘက်ရော စစ်ကောင်စီဘက်ရော နယ်မြေစိုးမိုးတဲ့ ဒေသက ညီမျှနေတယ် ပြောလို့ရမယ်" လို့ ပြောပါတယ်။

ဒေသခံကာကွယ်‌ရေးအဖွဲ့တွေရဲ့ ပြောပြချက်အရ ၈ လနီးပါးကကျော် ကြာမြင့်လာတဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် ဒေသခံကာကွယ်ရေးအဖွဲ့က ၁၈ ဦး ကျဆုံးခဲ့ရသလို ဒေသခံကာကွယ်ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်က ၃၀၀ နီးပါးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေ အကြား ဖြစ်ပွားနေ‌တဲ့ တိုက်ပွဲ‌များကြောင့် လူ‌ဦးရေ‌ လေးသိန်းကျော်စစ်ရှောင်နေရပြီး ကယားပြည်နယ်က လူဦးရေ ၈ သောင်းထက်မနည်း ပါဝင်တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (OCHA) ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

စစ်တပ်က လက်နက်ကြီးနဲ့ တိုက်ခိုက်တာ၊ မိုင်းထောင်တာတွေကြောင့် ဘုရားကျောင်းတွေ၊ နေအိမ်တွေ မီးလောင်ပျက်စီးခဲ့သလို ဒေသခံတွေလည်း သေဆုံးတာတွေ  ရှိခဲ့ပါတယ်။

Photo - MPA

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024