Home
ဆောင်းပါး
စစ်အာဏာသိမ်းမှုနဲ့ ကိုဗစ်ဒဏ်အောက်က မြန်မာ့ကုန်သွယ်ရေး
DVB
·
December 29, 2021

မြန်မာ့ကုန်သွယ်ရေးဟာ ၂၀၂၀ ပြည့်နှစ်မှာ  ကိုဗစ်ဒဏ်ကိုခံခဲ့ရပေမဲ့ ကြံ့ကြံ့ခံနိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ်ထက်တောင်  တိုးတက်လာတဲ့အပြင် ၂၀၂၀ နှစ်ကုန်ပိုင်းမှာ ကိုဗစ်−၁၉ ကူးစက်မှုကျလာပြီး ကာကွယ်ဆေးတွေ စထိုးနိုင်လာတာကြောင့် နိုင်ငံစီးပွားရေးအတွက် မျှော်လင့်ချက်ရောင်နီသန်းလာခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းခံလိုက်ရတဲ့အတွက် အစိုးရ၊ ပုဂ္ဂလိက အဘက်ဘက်က စီးပွားရေးတိုးတက်အောင် ကြိုးပမ်းခဲ့ရမှုတွေဟာ  သဲထဲရေသွန်ဖြစ်သွားပါတယ်။

ဘဏ်စနစ်

စစ်အာဏာသိမ်းမှုကြောင့် ကုန်သွယ်ရေးကဏ္ဍအပေါ် ပထမသက်ရောက်လာတာကတော့ ဘဏ်စနစ် ကောင်းမွန်စွာ မလည်ပတ်နိုင်တော့တာပါပဲ။ ၀န်ထမ်းတွေ အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပါ၀င်လာကြလို့ ဘဏ်လုပ်ငန်း၀န်ဆောင်မှုတွေ ရပ်တန့်သွားသလို ကုန်သွယ်ရောင်း၀ယ်ရေးကဏ္ဍကို နှောင့်နှေးသွားစေခဲ့ပါတယ်။

လက်ရှိအချိန်ထိလည်း ဘဏ်ငွေထုတ်ယူရခက်တဲ့ ပြဿနာဆက်ရှိနေတဲ့အပြင် ပမာဏကန့်သတ်ချက်နဲ့ ငွေထုတ်ပေးနေတာတွေကြောင့် ကုန်သွယ်ရောင်း၀ယ်ရေးလုပ်ငန်းတွေဟာ စွမ်းအားရှိသလောက် မလည်ပတ်နိုင်ဖြစ်နေပါတယ်။ အာဏာသိမ်းထားတဲ့ စစ်အုပ်စုအနေနဲ့ ငွေစက္ကူပြဿနာကို ဖြေရှင်းမယ်လို့ အကြိမ်ကြိမ်ပြောခဲ့ပေမဲ့ လပေါင်းများစွာကြာတဲ့အထိ ငွေစက္ကူပြဿနာက ရှိနေဆဲပါ။

ကုန်သည်လုပ်ငန်းရှင်တစ်ဦးက "ခုချိန်ထိ ခက်ခဲနေတုန်းပဲ။ ငွေထုတ်ပေးတဲ့စနစ်က အဆင်မပြေသေးဘူး။ စခါစကတော့ စိုးရိမ်မှုနဲ့ လူတွေ ဝိုင်းထုတ်လို့ ဖြစ်တာပေါ့။ နောက်ပိုင်းမှာကျတော့ ဘဏ်ဝန်ထမ်းတွေရဲ့ ပယောဂပ ပါလာတယ်။ ဘဏ်တွေအပေါ် လူတွေ ယုံကြည်မှုကို အချိန်အကြာကြီး ပြန်တည်ဆောက်ရမယ့်အနေအထား ဖြစ်သွားပြီ" လို့ ပြောပါတယ်။

ဒါ့အပြင် နိုင်ငံရေးမတည်ငြိမ်မှု၊ ဘဏ်စနစ်နဲ့ ကျပ်ငွေအပေါ် ပြည်သူလူထု ယုံကြည်မှုလျော့နည်းလာမှု၊ ငွေစက္ကူရှားပါးလာမှုတွေကြောင့် မြန်မာ့ကျပ်ငွေတန်ဖိုး ထိုးကျခဲ့ပြီး စက်တင်ဘာလနှောင်းပိုင်းမှာ အမေရိကန် တစ်ဒေါ်လာကို ပြင်ပပေါက်ဈေး ၃၀၀၀ ကျပ်ဝန်းကျင်အထိ ရောက်ခဲ့ပါတယ်။

စစ်အုပ်စုလက်အောက်ခံ နိုင်ငံတော်ဗဟိုဘဏ်က ဒေါ်လာတွေ ထုတ်ရောင်းတာ၊ ပို့ကုန်လုပ်ငန်းရှင်တွေရဲ့ လက်ဝယ်မှာရှိတဲ့ ဒေါ်လာတွေ ထုတ်ရောင်းခိုင်းတာ စသဖြင့် မူဝါဒတွေချမှတ် လုပ်ကိုင်လာပေမဲ့ အရာ မထင်ခဲ့ပါဘူး။ ကျပ်ငွေတန်ဖိုးကျပြီး ဒေါ်လာဈေးတက်ခြင်းဟာ ပြည်ပပို့ကုန်လုပ်ငန်းရှင်တွေအတွက် အမြတ်အစွန်း ပိုရစေခဲ့ပေမဲ့ သွင်းကုန်လုပ်ငန်းရှင်တွေအပေါ် တိုက်ရိုက် သက်ရောက်မှုရှိခဲ့ပြီး ပြည်ပသွင်းကုန် ဈေးနှုန်းတွေ မြင့်တဲ့ဒဏ်ကို လူထုက ခံစားခဲ့ရပါတယ်။

ကုန်သေတ္တာရှားပါးမှု

ကုန်သွယ်ရေးကဏ္ဍမှာ ထပ်ကြုံလာတာကတော့ ရန်ကုန်ဆိပ်ကမ်းတွေမှာ ကုန်သေတ္တာရှားပါးတဲ့ ပြဿနာပါ။ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ရန်ကုန်ဆိပ်ကမ်းတွေကို ၂၀၂၁ ဖေဖော်ဝါရီလကစတင်ပြီး နိုင်ငံတကာက ကုန်သေတ္တာတင် သင်္ဘောလိုင်းတွေ ဝင်ရောက်မှု လျော့ကျခဲ့ပါတယ်။

နိုင်ငံတကာသင်္ဘောလိုင်းအများစုက မြန်မာနိုင်ငံကို ဆုံးရူံးနိုင်ခြေများတဲ့ နိုင်ငံလို့သတ်မှတ်ပြီး ၀င်ရောက်မှုကိုရပ်တန့်ခဲ့ကြတာလို့ ပို့ကုန်လုပ်ငန်းရှင်တစ်ဦးကဆိုပါတယ်။ အဲဒါကြောင့် ကွန်တိန်နာရှားပါးမှု ဖြစ်ပေါ်ပြီး ပြည်ပပို့ကုန်တွေ အချိန်မှီတင်ပို့နိုင်ခြင်းမရှိဘဲ အခွင့်အလမ်းတွေ လက်လွှတ် ဆုံးရူံးခဲ့ရတဲ့ ဖြစ်စဥ်တွေများစွာရှိခဲ့ပါတယ်။

ကုန်သည်တစ်ဦးက “သူတို့က risk ရှိတဲ့ နိုင်ငံတစ်ခုအနေနဲ့ မြန်မာပြည်ကို မလာတော့ဘူး။ တချို့ သင်္ဘော လိုင်းတော်တော်များများက ရပ်ပစ်လိုက်ကြတယ်။ ရပ်ပစ်လိုက်တော့ သင်္ဘောခတွေ၊ ကွန်တိန်နာခတွေ တော်တော် တက်သွားတယ်၊ သင်္ဘောခချိန်လို့မရတာကိုလည်း  ကုန်သည်တွေက နည်းနည်း ကြောက်ကြတယ်။ ပြည်တွင်းငွေစျေးကြောင့်  နိုင်ငံခြားစျေးအနေနဲ့လည်း တွက်ခြေကိုက်တဲ့စျေး ဖြစ်နေပေမဲ့ သင်္ဘောခက အရမ်းများရင် အဲ risk ကိုလဲကြောက်ကြတယ်။”လို့ ပြောပါတယ်။

ယူကေကို ထောပတ်သီး တင်ပို့ရောင်းချမယ့်ကိစ္စကို အအေးခန်း ကွန်တိန်နာ အချိန်မီမရတာ၊ ကွန်တိန်နာ ငှားရမ်းခဈေးနှုန်း ကြီးမြင့်နေတာနဲ့ ဘဏ်အကျပ်အတည်းပြဿနာ စတဲ့ စိန်ခေါ်မှုတွေကြောင့် အရောင်းအဝယ်ကိစ္စကို ဆိုင်းငံ့လိုက်ရတယ်လို့ ထောပတ်သီးလုပ်ငန်းအသိုင်းအဝိုင်းကနေ သိရပါတယ်။

ဒါ့အပြင် စင်ကာပူနဲ့ ဒူဘိုင်းက ထောပတ်သီး၀ယ်ယူဖို့ကမ်းလှမ်းတာတွေရှိခဲ့ပေမဲ့ ရရှိတဲ့စျေးနှုန်းနဲ့ တင်ပို့စရိတ် မကာမိတာကြောင့် တင်ပို့နိုင်ခြင်းမရှိဘူး လို့သိရပါတယ်။

လက်ရှိအချိန်ထိလည်း  ကွန်တိန်နာရရှိဖို့ ခဲယဥ်းတဲ့ပြဿနာ၊  ငှားရမ်းခ စျေးနှုန်းကြီးမြင့် တဲ့ပြဿနာ ဆက်ရှိနေဆဲပဲလို့ ကုန်သည်လုပ်ငန်းရှင်တွေထံကသိရပါတယ်။

“ကွန်တိန်နာရဖို့က အချိန်စောင့်ရတဲ့အပြင် စျေးကလည်း အများကြီးတက်သွားတယ်၊  ရဖို့က လည်းခက်ခဲတယ်။ ပြည်တွင်းမှာဘဏ်ကနေပိုက်ဆံ ထုတ်ဖို့ကလည်း ခက်ခဲတဲ့အခါမှာ တောင်သူတွေ ဆီက ၀ယ်ယူဖို့ကလည်းခက်တယ်ပေါ့နော်။ export လုပ်ပြီးရင်လည်း ရက် ၃၀ အတွင်းမှာ ပို့ကုန်ရငွေက ပြန်သုံးရမှာဆိုတော့ အဲဒီအခက်အခဲတွေကြောင့် မတင်ပို့နိုင်တာတွေရှိတယ်” လို့ ကုန်သည်လုပ်ငန်းရှင် တစ်ဦးကဆိုပါတယ်။

စျေးကွက်သစ်တွေ လက်လွတ်ဆုံးရှုံး

မြန်မာသစ်သီးပို့ကုန်တွေဟာ တရုတ်စျေးကွက် တစ်ခုတည်းကို မှီခိုနေရတာကနေ စစ်အာဏာ သိမ်းမှု မတိုင်ခင် ၂၀၂၀ ပြည့်နှစ်မှာ  အင်္ဂလန်၊ ယူအေအီးစတဲ့နိုင်ငံတွေကို စျေးကွက်အသစ်တွေ ရှာဖွေချိတ်ဆက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကွန်တိန်နာရှားပါးတဲ့ပြဿနာ၊ ဘဏ်အကျပ်အတည်း ပြဿနာတွေကြောင့် အဲဒီအခွင့်အလမ်းတွေကို လက်လွတ်ဆုံးရှုံးလိုက်ရတာပါ။

စစ်အာဏာသိမ်းခံခဲ့ရတဲ့ ၂၀၂၁ ခုနှစ်မှာ မြန်မာ့သစ်သီးဝလံတွေကို ပြည်ပကနေ မှာယူတဲ့ အော်ဒါတွေ မရှိသလောက် ဖြစ်သွားပြီး အခုနှစ် သစ်သီးဝလံ ပို့ကုန်ကဏ္ဍမှာ တင်ပို့မှာအနည်းငယ်သာ ရှိခဲ့တယ်လို့ သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ်ပြီး တင်ပို့ရောင်းချတဲ့ လုပ်ငန်းအသိုင်းအဝိုင်းကနေ သိရပါတယ်။

ကိုဗစ်တတိယလှိုင်း

ဒါ့အပြင် ကိုဗစ်−၁၉ တတိယလှိုင်းဖြစ်ပွားတဲ့အခါမှာ နယ်စပ်ဂိတ်အများစု ပိတ်ခဲ့ရတဲ့အတွက် ကုန်သွယ်မှုကို သိသိသာသာထိခိုက်ရပါတယ်။ မြန်မာနိုင်ငံရဲ့အဓိက ကုန်သွယ်ဘက်ဖြစ်တဲ့ တရုတ်နိုင်ငံက နယ်စပ်ဂိတ်တွေကို ကာလရှည် ပိတ်ထားခဲ့သလို အခု ပြန်ဖွင့်တဲ့အခါမှာ အရင်လို မဟုတ်ဘဲ ကွန်တိန်နာစနစ်ကို ပြောင်းလဲလိုက်ပါတယ်။ အသစ်ပြောင်းလဲလိုက်တဲ့ ကွန်တိန်နာစနစ်ဟာ လုပ်ဆောင်ရတဲ့ အဆင့်များလွန်းတာကြောင့် ကုန်သွယ်ရေးလုပ်ငန်း မတွင်ကျယ်ဘဲ ဥပမာအားဖြင့် အရင်က အစီး ၅၀၀ စာ ဖရဲသီးကို နေစဉ်ပို့နေခဲ့ရာကနေ အခုအခါမှာ အဲဒီပမာဏရဲ့ ရာခိုင်နှုန်း အနည်းငယ် လောက်ပဲ ပို့နိုင်တော့ပါတယ်။

စိုက်ပျိုးထုတ်လုပ်မှုတွေလျော့ချ

နယ်စပ်ဂိတ်တွေကနေ လယ်ယာထွက်ကုန်ကို အဓိကတင်ပို့ကျတာဖြစ်တဲ့အတ္ပက်  တောင်သူတွေရဲ့  စိုက်ပျိုးထွက်ကုန်တွေ စျေးကွက်ပျောက်သွားတဲ့အထိ ဖြစ်ခဲ့ပြီး တောင်သူတွေက သီးနှံစိုက်ပျိုးမှု ကို  လျော့ချခဲ့ရပါတယ်။

ဥပမာ ဖရဲသီးနှံကို အခုနှစ်မှာ ပုံမှန်စိုက်ပျိုးမှုရဲ့ ဆယ်ရာခိုင်နှုန်းသာ စိုက်ပျိုးခဲ့ကြပြီး၊ တခြား သီးနှံတွေကို ပြောင်းလဲစိုက်ပျိုးခဲ့ကြပါတယ်။ အလားတူကြက်သွန်နီတောင်သူတွေအရူံးပေါ်လို့ အခုနှစ်မှာ စိုက်ပျိုးမှုကို လျှော့ချခဲ့ကြပါတယ်။

၂၀၂၀−၂၀၂၁ဘဏ္ဍာနှစ်ရဲ့ နယ်စပ်ကုန်သွယ်ရေး အခြေအနေကို ကြည့်မယ်ဆိုရင် အရင် အန်အယ်လ်ဒီ အစိုးရလက်ထက်၂၀၁၉−၂၀၂၀ ဘဏ္ဍာနှစ် ကုန်သွယ်မှုထက် အမေရိကန်ဒေါ်လာ ၈၈၂ သန်း  လျော့ကျခဲ့ပါတယ်။ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့နဲ့ နယ်စပ်ကုန်သွယ်မှုကျနေပေမဲ့ ထိုင်းနဲ့ နယ်စပ်ကုန်သွယ်မှုကတော့ တက်နေတာကို တွေ့ရပါတယ်။

အလားတူ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှာလည်း အမေရိကန်ဒေါ်လာ ၆ ဒသမ ၂၆ ဘီလီယံ လျော့ကျခဲ့ရာ ကုန်သွယ်ရေးလမ်းကြောင်းနှစ်ခုစလုံးကနေ လျော့ကျခဲ့တဲ့ ကုန်သွယ်မှုပမာဏက အမေရိကန် ဒေါ်လာ ၇ ဒသမ ၁၄၆ ဘီလီယံရှိခဲ့ပါတယ်။  ရာခိုင်နှုန်းအနေနဲ့ ဆိုရင် ၂၀ ရာခိုင်နှုန်းနီးပါး လျော့ကျခဲ့တာပါ။

အခု ၂၀၂၁−၂၀၂၂ နှစ်၀က်ဘတ်ဂျတ် အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာ ၁၇ ရက်အထိ ၂လကျော် ကာလအတွင်း နယ်စပ်လမ်းကြောင်း ကုန်သွယ်မှုဟာ အရင်နှစ်ကာလတူ ကုန်သွယ်မှုထက် အမေရိကန်ဒေါ်လာ တစ်ဘီယံနီးပါး လျော့ကျနေပြီး ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော် မြင့်တက်လာတာကို စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး ၀န်ကြီးဌာနက ပုံမှန်ထုတ် ပြန်တဲ့စာရင်းအရ သိရပါတယ်။

စုစုပေါင်းကုန်သွယ်မှုမှာတော့ ၆ ဘီလီယံကျော်သာ ကုန်သွယ်မှုပြုထားနိုင်ပြီး ၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ် ကာလတူထက် အမေရိကန်ဒေါ်လာ သန်း၅၀၀ ကျော်လျော့ကျနေပါတယ်။

စိုက်ပျိုးရေးသွင်းအားစုအပါအ၀င်ပြည်ပသွင်းကုန်တွေ စျေးအဆမတန်မြင့်တက်ခဲ့

ပင်လယ်ရေကြောင်းကုန်သွယ်ရေးမှာ ကွန်တိန်နာငှားရမ်းခကြီးလို့ သယ်ယူစရိတ်မြင့် တက်သွားတာကြောင့်အပြင် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းပြီး ဒေါ်လာငွေလဲနှုန်းမြင့်တက် နေတာကြောင့် ပြည်ပသွင်းကုန်တွေဟာ ပြည်တွင်းမှာ စျေးနှုန်းမြင့်တက်ခဲ့ပါတယ်။

အဲဒီထဲမှာ လယ်ယာသွင်းအားစုတွေ အဆမတန်မြင့်တက်ခဲ့တဲ့အပြင် တောင်သူတွေဟာ သွင်းအား စုတွေကို အရင်လို သီးနှံပေါ်ပေးစနစ်နဲ့ ဝယ်ယူလို့မရတော့တာကြောင့် သွင်းအားစုတွေ လျှော့ချသုံးစွဲခဲ့ ရပြီး၊ စိုက်ဧကတွေကိုလည်း လျှော့ချခဲ့ရပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက စပါးစိုက်လယ်သမားတဦးက “ကျပ်ငွေက တန်ဖိုးကျတဲ့အခါမှာ ကျနော်တို့ရဲ့ စိုက်ပျိုးရေးသွင်းအားစုစျေးနှုန်းတွေက မဟားတရား တက်ကုန်တာပေါ့။ အဲလိုမျိုးဆိုတော့ မြေသြဇာကျွေးဖို့ကလည်း အခက်အခဲဖြစ်တယ်၊ နဂိုတုန်း မြေသြဇာကုမ္ပဏီတွေက သီးနှံပေါ်ပေး အကြွေးနဲ့ရောင်းကြတယ်လေ၊ အခုက ဘယ်သူမှအကြွေးနဲ့ မရောင်းတော့ဘူး။ လက်ငင်းစနစ်နဲ့ပဲရ ရောင်းတဲ့ဟာမျိုးတွေ ဖြစ်ကုန်တယ်၊ အဲဒီမှာလဲ မြေသြဇာ မကျွေးနိုင်တဲ့သူများသွားပြီးတော့ တစ်ချို့သီးနှံတွေဆိုရင် သီးနှံအရည်အသွေးတွေပါ ကျသွားတဲ့ အနေအထားမျိုးတွေရှိတာပေါ့” လို့ ဆိုပါတယ်။

တိရစ္ဆာန်အစာဈေးနှုန်းတွေ မြင့်တက်ခဲ့တာကြောင့်လည်း မွေးမြူရေးထုတ်ကုန်ကဏ္ဍကို ထိခိုက်စေပါတယ်။ ဒါ့အပြင် ပြည်တွင်းသုံးစွဲမှုတွေအတွက် ပြည်ပကနေ အဓိကတင်သွင်းနေရတဲ့ စက်သုံးဆီစျေး အဆမတန်မြင့်လာတာကြောင့်လည်း ပြည်ပသွင်းကုန်တွေစျေးမြင့်လာတာနဲ့အတူ ပြည်တွင်းထုတ်ကုန်တွေပါ ထုတ်လုပ်မှုစရိတ်ကိုပိုမြင့်တက်လာခဲ့ပါတယ်။

အဲဒီစိန်ခေါ်မှုတွေကြောင့် ရေရှည်မှာ စိုက်ပျိုး၊မွေးမြူရေးထုတ်ကုန်တွေအပါအ၀င် မြန်မာနိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍကို ထိခိုက်လာစေနိုင်ပြီး၊ ကုန်ကြမ်းရှားပါးတဲ့ပြဿာနာလည်းရှိလာနိုင်တယ်လို့ လေ့လာစောင့်ကြည့်သူတွေက သုံးသပ်ကြပါတယ်။

စီးပွားရေးလုပ် ငန်းရှင်တစ်ဦးက “အကြမ်းဖျင်းကတော့ ပြည်တွင်းစားနပ်ရိက္ခာစျေးကတော့ အနည်းငယ်တက်နေဦးမှာပဲ၊ ဘာလို့လဲဆိုရင် ရောင်းလိုအားနဲ့ ၀ယ်လိုအားမမျှတော့ဘူးပေါ့။ တဘက်ကလည်း မြေသြဇာစျေးကြီးတယ်။ ပြီးတော့ ဘဏ်ပြဿနာအရလည်း ရာခိုင်နှုန်းပေးထုတ်နေရတော့ အဲရာခိုင်နှုန်းကို သီးနှံအပေါ်ထည့်ပေါင်းတဲ့ အခါကျတော့ အဲတာတွေ့က စားသုံးသူဆီမှာ သွား၀န်ပိစေတဲ့သဘောဖြစ်နေတာကိုး” လို့ ဆိုပါတယ်။

သယ်ယူပို့ဆောင်ရေးနဲ့ လုံခြုံရေး

ကုန်သယ်ယူပို့ဆောင်ရေးကဏ္ဍမှာလည်း ကိုဗစ်ကာလမှာ ခရီးသွားလာရေးကန့်သတ်ချက်တွေရှိခဲ့တဲ့ အပြင် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်လာတဲ့ ပစ်ခတ်မှုတွေ၊ ပဋိပက္ခတွေကြား လုံခြုံရေးစိုးရိမ်မှုတွေကြောင့် ကုန်သွယ်ရေးလုပ်ငန်းကို နှောင့်နှေးစေသလို၊ သယ်ယူပို့ဆောင်ရေးမှာ အတားအဆီး၊ အစစ်အဆေးများတဲ့ ကိစ္စရပ်တွေကလည်း ကုန်စည်စီးဆင်းမှုအပေါ် သက်ရောက်မှု တွေရှိခဲ့ပါတယ်။

ဒါ့အပြင် လုပ်ငန်းတွေ လုပ်သာကိုင်သာမရှိတာ၊ စက်သုံးဆီစျေးအပါအ၀င် စရိတ်စက တွေတက်လာတာ စတဲ့အချက်တွေကလည်း ကုန်စည် ကူးသန်းရောင်း၀ယ်ရေးအပေါ် ထိခိုက်စေပါတယ်။

ဒါကြောင့်  စစ်အာဏာသိမ်းခံခဲ့ရတဲ့နောက် မြန်မာနိုင်ငံရဲ့ စိုက်ပျိုး၊မွေးမြူထုတ်လုပ်တင်ပို့ရောင်းချတဲ့ ကွင်းဆက် တလျှောက်  စိန်ခေါ်မှုတွေရှိခဲ့တယ်လို့ဆိုရမှာပါ။

အာဏာသိမ်းစစ်အုပ်စုရဲ့ ကုန်သွယ်ရေးမူဝါဒအပြောင်းအလဲ

အခုနှစ်မှာ အာဏာသိမ်းစစ်အုပ်စုက ကုန်သွယ်ရေးမူဝါဒအပြောင်းအလဲတွေ လုပ်ခဲ့တာကိုလည်း တွေ့ရပါတယ်။အဆမတန်မြင့်တက်နေတဲ့ အမေရိကန်ဒေါ်လာ ငွေဈေးကို ထိန်းချုပ်နိုင်ဖို့ သွင်းကုန်လျှော့ချနိုင်မယ့် အစီအမံအနေနဲ့ အရင်ကဖြေလျှော့ထားပြီးဖြစ်တဲ့ လိုင်စင်လျှောက်ဖို့မလိုတဲ့ သွင်းကုန်ပစ္စည်း တော်တော်များများကို လာမယ့် ဇန်နဝါရီ ၁ ရက်က စပြီး လိုင်စင်ပြန်လျှောက်ဖို့ အမိန့်ထုတ်တာတွေ လုပ်ဆောင်လာတာကို တွေ့ရပါတယ်။ အဲဒီလိုင်စင်စနစ်ကြောင့် ကုန်ပစ္စည်းတင်သွင်းရာမှာ အချိန်ကြန့်ကြာမှုရှိလာနိုင်ပြီး စရိတ်စကပိုကုန်ကျလာနိုင်တယ်လို့ သွင်းကုန်လုပ်ငန်းရှင်တွေက ဆိုပါတယ်။ ဒါ့အပြင် ဒေါ်လာငွေ လိုအပ်ချက်ကို လျှော့ချဖို့ကြိုးစားနေတဲ့ စစ်အုပ်စုဟာ ဇိမ်ခံပစ္စည်းတင်သွင်းမှုတွေကို ကန့်သတ်တာတွေလည်း လုပ်ခဲ့ပါတဲ့အပြင် မော်တော်ယာဉ် တင်သွင်းမှုတွေကိုလည်း ကန့်သတ်ခဲ့ပါတယ်။

တစ်လကုန်သွယ်မှုတန်ဖိုး ပျမ်းမျှဒေါ်လာသန်း ၅၀၀ ဝန်းကျင်လောက်ရှိတဲ့ မြန်မာ−တရုတ် နယ်စပ်ကုန်သွယ်မှုမှာလည်း စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ဟာ ယွမ်−ကျပ် တိုက်ရိုက် အသုံးပြုပေးချေမှုကို ဆောင်ရွက်ခွင့်ပြုလိုက်ပါတယ်။ ကနဦး စမ်းသပ်ကာလမှ တရုတ်ဘက်က ယွမ်ငွေ ၂ ဘီလီယံကို ထည့်သွင်းသွားမှာဖြစ်ပါတယ်။ ယွမ်−ကျ တိုက်ရိုက်ပေးချေမှုကို ကုန်သည်တွေက ကြိုဆိုပေမဲ့ ယွမ်က မြန်မာကျပ်ငွေကို ဝါးမြိုသွားမှာကိုလည်း စိုးရိမ်မှုတွေ ရှိပါတယ်။

အချုပ်အားဖြင့်ဆိုရင် ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံရဲ့ကုန်သွယ်ရေးမှာ နယ်စပ်ကုန်သွယ်ရေးဟာ သိသိသာသာ လျော့ကျပြီး  ပင်လယ်ရေကြောင်း ကုန်သွယ်မှုကတော့ မြင့်တက်လာတာကို တွေ့ရပါတယ်။

နယ်စပ်ကုန်သွယ်ရေးလျော့ကျရတာကတော့ ကိုဗစ်ကြောင့် နယ်စပ်ဂိတ်တွေပိတ်တာ၊ တရုတ်က နယ်စပ်ကုန်သွယ်မှု စနစ်သစ် ကျင့်သုံးလာတာတွေကြောင့်ဖြစ်ပါတယ်။ ပင်လယ်ရေကြောင်း ကုန်သွယ်မှု မြင့်တက်လာရတာကတော့ ကုန်သည်တွေအနေနဲ့ ကုန်သေတ္တာရှားပါးပြီး ငှားရမ်းခ စျေးကြီးမြင့် နေတာကြောင့် သင်္ဘောစင်းလုံးလိုက် တင်ပို့ရောင်းချတဲ့ပုံစံနဲ့ တင်ပို့လာကြတာကြောင့် ပမာဏပိုများ လာတာ ဖြစ်နိုင်တယ်လို့ ဆန်ကုန်သည်တစ်ဦးက သုံးသပ်ပါတယ်။

ကိုဗစ်ကပ်ရောဂါထိန်းချုပ်ဖို့အတွက် နိုင်ငံတိုင်းက ကန့်သတ်ချက်တွေချမှတ်ထားတဲ့ကြားမှာ မြန်မာ့ လယ်ယာထွက်ကုန် တင်ပို့မှုဟာ နှစ်နှစ်ဆက်တိုက် ဆက်လက် တိုးတက်နေခဲ့ပေမဲ့ ဒီနှစ်မှာတော့ စတင်လျော့ကျလာတာကို တွေ့ရပါတယ်။

၂၀၂၂ ခုနှစ်ကို လှမ်းမျှော်ကြည့်ရင်လည်း မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေးဟာ ရောင်နီမသန်းသေးပါဘူး။ G-to-G စာချုပ်နဲ့ အိန္ဒိယကို ပဲတင်ပို့ခွင့်စာချုပ်ကြောင့် မတ်ပဲနဲ့ ပဲစင်းငုံအတွက် ဈေးကွက်ရရှိနေပါတယ်။ တခြားလယ်ယာထွက်ကုန်တွေအတွက်ကတော့ လက်ရှိ တရုတ်ဘက်က အရင်လို ပြန်ဖွင့်ပေးမမယ့် အလားအလာမရှိသေးတာကြောင့် ဈေးကွက်ရရှိဖို့ တခြားဈေးကွက်တွေ ရှာဖွေလာရမယ့် အနေအထားပါ။

ဒါပေမဲ့လည်း ကွန်တိန်နာငှားရမ်းခ မြင့်မားတာ၊ ပြည်တွင်း မတည်ငြိမ်မှုတွေကြောင့် ကုန်စည်စီးဆင်းမှု မရေရာတာတွေ့ကြောင့် ပြန်လည်ဦးမော့ဖို့ ခက်ခဲဦးမယ့်အနေအထားပါ။

ဒါ့အပြင် အခု မိုးရာသီစိုက်စပါးနဲ့ တခြားသီးနှံတွေ ရိတ်သိမ်းချိန်မှာ လယ်သမားတွေက မရိတ်သိမ်းနိုင်ဘဲ ထွက်ပြေးနေရတာတွေကြောင့် သီးနှံအထွက်နှုန်းထိခိုက်နိုင်မယ့် အလားအလာရှိပါတယ်။ ဒါပေမဲ့ ကိန်းဂဏန်း အတိအကျမရှိတာကြောင့် သီးနှုန်းအထွက်နှုန်း ဘယ်လောက်ထိခိုက်နိုင်ပြီး စားနပ်ရိက္ခာဖူလုံမှု၊ ပြည်ပတင်ပို့နိုင်မှုအပေါ် ဘယ်လောက်ထိခိုက်မလဲဆိုတာကတော့ ခန့်မှန်းဖို့ မလွယ်ပါဘူး။

နိုင်ငံခြားငွေအများအပြားရှာဖွေပေးပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်းများစွာ ဖန်တီးပေး နေတဲ့ အထည်ချုပ်ကဏ္ဍမှာဆိုရင်လည်း အော်ဒါတွေ ကျဆင်းသွားတဲ့အပြင် လွတ်လပ်စွာ လုပ်ကိုင်နိုင်ခြင်းမရှိတဲ့ အခြေအနေကြောင့်ဆိုကာ H&M ၊ Zaraတို့လို နာမည်ကြီး အဝတ်အစားအမှတ်တံဆိပ်တွေ ပါဝင်တဲ့ ACT အဖွဲ့က မြန်မာနိုင်ငံမှာရှိတဲ့ သူ့ရဲ့လုပ်ငန်းတွေကို ရပ်နားဖို့ မကြာသေးခင်က ဆုံးဖြတ်လိုက်တာကလည်း အထည်ချုပ်ကဏ္ဍနဲ့ ပြည်ပပို့ကုန်အတွက် ထိုးနှက်ချက်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ၂၀၂၂ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ ပို့ကုန်တွေ ပြန်လည်မြင့်တက် ဖို့ကတော့ အတော့်ကို ကြိုးစားယူရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့နိုင်ငံခြား ကုန်သွယ်မှုကို ကြည့်မယ်ဆိုရင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ကန်ဒေါ်လာ ၃၃ ဘီလီယံကျော်၊ ၂၀၁၈ခုနှစ် နှစ်၀က်ဘတ်ဂျတ်မှာ  ကန်ဒေါ်လာ  ၁၈ ဒသမ ၇ ဘီလီယံကျော် ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ ကန်ဒေါ်လာ ၃၅ ဘီလီယံကျော်ရှိခဲ့ပြီး၊ ကိုဗစ်ဒဏ်ခံခဲ့ရတဲ့၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်မှာ  ကန်ဒေါ်လာ ၃၆ ဒသမ ၇၃၁ ဘီလီယံကျော်ထိ စံချိန်တင် ကုန်သွယ်မှုပြုနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ်မှာတော့ အမေရိကန်ဒေါ်လာ ၂၉ ဘီလီယံကျော်သာ ကုန်သွယ်မှု ရှိခဲ့ပြီး၊ ၂၀၁၉−၂၀၂၀ဘဏ္ဍာနှစ်နဲ့ယှဥ်ရင် ၂၀ ရာခိုင်နှုန်းနီးပါး ကုန်သွယ်မှု လျော့ကျခဲ့ပါတယ်။

စစ်ကောင်စီကတော့ ၂၀၂၂ခုနှစ် မတ်လအထိ ဆောင်ရွက်မဲ့ နှစ်၀က်ဘတ်ဂျတ်ကာလမှာ ကုန်သွယ်ရေးကဏ္ဍမှာ ရလဒ်ကောင်းရဖို့ မျှော်လင့်ထားပါတယ်။ ပို့ကုန်ကို ကန်ဒေါ်လာ ၈ ဒသမ ၂ ဘီလီယံ သွင်းကုန်ကို  ကန်ဒေါ်လာ ၈ ဒသမ ၈ ဘီလီယံ ကုန်သွယ်နိုင်ဖို့ လျာထား တယ်လို့  ဆိုထားပါတယ်။

မြန်မာ့ အိမ်နီးချင်း လာအိုနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က ကမ္ဘာ့ဖွံ့ဖြိုးမှုအနိမ့်ကျဆုံး အဆင်းရဲဆုံး နိုင်ငံဘ၀ကနေ အခုနှစ်မှာ  လွတ်မြောက်သွားပြီဖြစ်ပေမဲ့ မြန်မာနိုင်ငံကတော့ ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံဘ၀ကနေ မတက်နိုင်သေးဘဲ ရုန်းကန်နေရဆဲဖြစ်ပါတယ်။ 

အယ်လီနာ

Photo Credit#

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024