အာဖဂန်နစ္စတန် မြို့တော်ကဘူးလ်မှာ ဒီဇင်ဘာ ၂၈ ရက်က အမျိုးသမီး ၂၀ ကျော် တာလီဘန်အစိုးရသစ်အောက်မှာ သူတို့အခွင့်အရေးတွေ ရရှိရေးအတွက် စွန့်စွန့်စားစား ဆန္ဒပြ တောင်းဆိုကြပါတယ်။
လမ်းကြားတွေနဲ့ လှည့်လည်ပြီး “ကျောင်းတွေ ပိတ်ထားတာ အလိုမရှိ၊ အလုပ်အကိုင်၊ အစားအစာနဲ့ ပညာရေး လိုအပ်နေတယ်” လို့ ကြွေးကြော်ခဲ့ပါတယ်။
တာလီဘန်အစိုးရရဲ့ ကိုယ်ကျင့်တရား မြှင့်တင်ရေးနဲ့ မကောင်းမှုတားဆီးရေး ဝန်ကြီးဌာနက အမျိုးသမီးတွေအပေါ် တားမြစ်တဲ့ ဥပဒေသစ် ဒီဇင်ဘာ ၂၆ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။
အဲဒီမှာ အမျိုးသမီးတွေဟာ မိသားစုဝင်အမျိုးသားတဦး မပါဘဲ ၄၅ မိုင်ထက်ပိုပြီး ခရီးမသွားရ ဆိုတာလည်း ပါပါတယ်။
ဆန္ဒပြတဲ့ အမျိုးသမီးတဦးက “ယောက်ျားတယောက် မပါရင် ကားထဲကို အမျိုးသမီး မဝင်ရဘူး ပြောတယ်။ မုဆိုးမတွေ ဘယ်မှာ ယောကျ်ားရှိမလဲ။ ကားစီးဖို့ ယောက်ျား ဘယ်မှာ သွားရှာရမလဲ။ အမြီးအမောက် မတည့်တဲ့ ဥပဒေပါ။ ကျမတို့ လွန်ခဲ့တဲ့နှစ် ၂၀ က အမျိုးသမီးတွေ မဟုတ်တော့ဘူး၊ ပညာတတ်တွေပါ၊ တာလီဘန် အစိုးရအောက်မှာ အကြောက်လွန်ပြီး နှုတ်ဆိတ်မနေနိုင်ဘူး” လို့ ပြောပါတယ်။
၁၉၉၆-၂၀၀၁ တာလီဘန်အစိုးရ အုပ်ချုပ်တဲ့ ကာလတုန်းကဆိုရင် ဆွေမျိုးသားချင်းထဲက အမျိုးသားတယောက် မပါဘဲ၊ အမျိုးသမီးတွေ အိမ်ပြင်ထွက်ခွင့်မရှိဘဲ မျက်နှာအုပ်ပြီး ထွက်ရပါတယ်။ အမျိုးသမီးတွေ ပညာသင်ယူမှုနဲ့ အလုပ်လုပ်ကိုင်မှုကို လုံးဝ ကန့်သတ်ခဲ့ပါတယ်။
အခု တာလီဘန်အစိုးရကတော့ သူတို့လက်ထက်မှာ အများကြီးပြောင်းလဲထားပြီး မိန်းကလေးတွေအတွက် ကျောင်းတွေ ပိုဖွင့်ပေးထားပြီလို့ ပြောပေမယ့် အမျိုးသမီးအတော်များများက တာလီဘန်အစိုးရအပေါ် အယုံအကြည် မရှိပါဘူး။