လက်နက်ခဲယမ်းတွေ လာရောက်အပ်နှံကြဖို့ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ ဒီဇင်ဘာ ၂၇ ရက် နေ့လယ်က စစ်ကောင်စီက ကားနဲ့ လိုက်လံကြေညာနေပါတယ်။
လက်နက်ခဲယမ်းတွေကို ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား အပ်နှံကြဖို့နဲ့ မအပ်နှံဘဲတွေ့ရှိပါက တွေရှိရာနေရာက နေအိမ်အဆောက်ဦတွေကို ပြည်သူပိုင်အဖြစ်သိမ်းယူမယ်လို့လည်း ခြိမ်းခြောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတစ်ဦးက “ကျနော်တို့ကြားတာက NUG ၊ CRPH နဲ့ PDF လက်နက်ကိုင် အကြမ်းဖက်အဖွဲ့များဟာ တရားမဝင် လက်နက်များ၊ ခဲယမ်းများ၊ ဆက်သွယ်ရေး ပစ္စည်းများ၊ လက်လုပ်သေနတ်၊ မိုင်းတွေသယ်ဆောင်လာတာတွေ ရှိတယ်။ အဲတာတွေအပ်နှံဖို့ အော်နေကြတာ ကြားရတယ်” လို့ ပြောပါတယ်။
အခုလို ကြေညာတာဟာ ၂ ကြိမ်မြောက်ဖြစ်ပြီး အရင်ကလည်း အလားတူ လိုက်လံ ကြေညာခဲ့တာ ရှိသလို ရုပ်မြင်သံကြားနဲ့ နေ့စဉ်သတင်းစာတွေမှာလည်း အဆိုပါအကြောင်းအရာကို နေ့စဉ် ထုတ်ပြန်နေပါတယ်။
ဒေသခံပြည်သူကာကွယ်ရေးတပ်အဖွဲ့ဝင်တစ်ဦးက “ သူတို့အမိန့်ကို နာခံမယ်ဆိုရင် ဒီအဆင့်အထိ ရောက်လာစရာ အကြောင်းမရှိဘူး။ ကျနော်တို့ သူတို့ပြောသလိုအပ်ဖို့ မိုင်းတွေ၊ ရှော့တိုက်ဒုံးတွေ ပြင်ဆင်နေတယ်။ အဝေးကနေပဲ ပစ်ခတ်ပြီး အပ်ရမှာပေါ့ဗျာ။ ကျနော့်အနေနဲ့ကတော့ လက်နက်အပ် အညံ့ခံဖို့ထက် အသက်သေရင်သေပါစေ၊ စစ်အာဏာရှင်ကို အမြစ်ပြတ်တော်လှန်သွားမယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။
စစ်ကိုင်းအတွင်း လက်နက်တွေအပ်နှံဖို့ လိုက်လံ အော်နေတာတွေရှိနေသလို ပြီးခဲ့တဲ့ရက်ပိုင်းကလည်း လေယာဉ်ပေါ်ကနေ NUG၊ CRPH၊ PDF အဖွဲ့တွေ မကောင်းကြောင်း စစ်ကောင်စီက ဝါဒဖြန့်လက်ကမ်းစာတွေ ဖြန့်ကြဲတာ ရှိခဲ့ပါတယ်။