မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်ကို ဒီဇင်ဘာ ၂၇ ရက် ဒီနေ့ မွန်းလွဲပိုင်းမှာ အင်းစိန်ထောင်တွင်းအ ထူးတရားရုံးက အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တာဟာ ဥပဒေဘောင်ကို ကျော်လွန်ပြီး ဆောင်ရွက်တာဖြစ်တယ်လို့ သူ့ရဲ့ ရှေ့နေအဖွဲ့က ပြောလိုက်ပါတယ်။
ချုပ်ရက်တွေကို လျှော့ပေါ့ခံစားခွင့်ရတဲ့အတွက် ပိုင်တံခွန်ဟာ အချိန် ၂ နှစ်နဲ့ ၄ လနီးပါး ပြစ်ဒဏ်ခံရမှာဖြစ်ပါတယ်။
တရားခွင်ထဲမှာ တရားသူကြီးနဲ့ ဥပဒေအရာရှိက ပိုင်တံခွန်ကို အတင်းအကျပ် အပြစ်ဝန်ခံခိုင်းပြီး ပြစ်ဒဏ်ချမှတ်ရာမှာ တရားရုံးက ကျင့်ထုံးကျင့်စဉ်တွေ လုပ်ငန်းစဉ်တွေအများကြီးကို ကျော်ပြီး ဥပဒေနဲ့ ညီညွတ်မှုမရှိခဲ့ဘူးလို့ ရှေ့နေဦးခင်မောင်မြင့်က ပြောပါတယ်။
“တရားရုံးရဲ့ကျင့်ထုံး ကျင့်စဉ် လုပ်ငန်းစဉ်တွေ အများကြီး ကျန်နေပါသေးရဲ့နဲ့၊ ကိုပိုင်တံခွန်ရဲ့ တရားခွင်ရှေ့နေ ဒေါ်ဇင်မာဦးကို တစုံတရာပြောဆိုခွင့်မပေးဘဲနဲ့ ကိုပိုင်တံခွန်ကို တရားသူကြီးနဲ့ဥပဒေအရာရှိက သူတို့ရှေ့မှာခေါ်တယ်။ အမှုတွဲထဲမှာပါတဲ့ ဓာတ်ပုံတွေပြပြီးတော့မှ မင်း ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တယ်ဆိုတာမှန်သလားလို့ မေးတယ်။ ကိုပိုင်တံခွန်က မှန်ပါတယ်လို့ဖြေတဲ့အခါ ဒါဆို မင်းအပြစ်ကို ဝန်ခံတာပဲပေါ့ ကျန်တာတွေဘာမှ ဆက်စစ်စရာ အကြောင်းမရှိတော့ဘူး။ မင်းကို ဒီအဆင့်မှာပဲ အမိန့်ချမယ်ဆိုပြီးတော့မှ ဒီလိုအမိန့်မျိုး ချမှတ်လိုက်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ တရားစီရင်ရေး အတွေ့အကြုံတလျှောက်မှာ တခါမှ ဒီလိုမျိုး မကြုံခဲ့ဖူးဘူး။ တရားသူကြီး တစ်ဦးကလည်း တရားလိုနဲ့ တရားခံကြားထဲမှာ သူက ဆုံးဖြတ်ပေးရတဲ့သူပါပဲ။ ဒီလိုမျိုးအတင်းအကျပ် ဝန်ခံရာရောက်စေတဲ့ လျှောက်လဲချက်မျိုး တရားသူကြီးမှာ ဆောင်ရွက်ပိုင်ခွင့်မရှိပါဘူး။ ဥပဒေနဲ့ညီညွတ်မှုမရှိဘဲ အမိန့်ချမှတ်လိုက်တယ်လို့ပဲ ကျနော်တို့ ပြောလို့ရပါတယ်။"
အင်းစိန်ထောင်တွင်း ကိုဗစ်ကန့်သတ်ချက်တွေကြောင့် ပိုင်တံခွန်ရဲ့အမှုကို စက်တင်ဘာလကုန်ပိုင်းမှ ပြန်လည်စစ်ဆေးခဲ့ပြီး ဒီဇင်ဘာ ၂၇ ရက်ရုံးချိန်းမှာ တရားလိုပြသက်သေကို စစ်ဆေးဖို့ အဆင့်သာရှိနေပေမဲ့ တရားသူကြီးက အဆင့်တွေအများကြီးကျော်ပြီး ပြစ်ဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။
စွပ်စွဲခံရသူ ပိုင်တံခွန်ဘက်က သက်သေတွေလည်း တရားရုံးမှာ တယောက်မှ ထွက်ဆိုခွင့်မရလိုက်ဘဲ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ရှေ့နေဦးခင်မောင်မြင့်က “အပြီးသတ်အမိန့်ချရမယ့် ရုံးချိန်းမဟုတ်ဘဲ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် သုံးနှစ် ချမှတ်လိုက်ပါတယ်။ ပြစ်ဒဏ်တွေက ချုပ်ရက်တွေ ထုတ်နုတ်ဖို့ အမိန့်ချပါတယ်။ တကယ်တော့ ဒီနေ့က တရားလိုပြသက်သေတစ်ဦးကို စစ်ဆေးဖို့ ချိန်းဆိုထားတဲ့ ရုံးချိန်းပါ။ အဲဒီသက်သေက ကျန်းမာရေးကြောင့် မလာနိုင်တဲ့အချိန်မှာ တရားခွင်မှာရှိတဲ့ အမှုလိုက်ဥပဒေအရာရှိက အဲဒီသက်သေကို ပယ်ပြီး ဆက်သွားရမယ့်တရားရုံး လုပ်ငန်းတွေ အများကြီး ရှိပါသေးတယ်။ တရားလိုနဲ့ တရားလိုပြသက်သေတွေအားလုံး စစ်ဆေးပြီးမှ စွဲချက် လျှောက်လဲချက်တင်ရပါတယ်။ စွပ်စွဲချက်တွေ မခိုင်မာတဲ့အတွက် ကိုပိုင်တံခွန်ကို ဒီအဆင့်မှာပဲ လွှတ်ပေးဖို့ ကျနော်တို့ လျှောက်လဲချက်တင်ရပါမယ်။ အဲဒီပြီးမှ စွဲချက်အမိန့်ကို ချရပါမယ်။ စွဲချက်အမိန့်ကိုချပြီး ကိုပိုင်တံခွန်က အပြစ်ကျူးလွန်ကြောင်း ဝန်ခံတယ်ဆိုရင်တော့ ဒီလို အမိန့်မျိုးချလို့ရပါတယ်။ ဝန်မခံဘူးဆိုရင် ကိုပိုင်တံခွန်နဲ့ သက်သေတွေကို အပြီးအထိ စစ်ဆေးပေးရမှာ ဖြစ်ပါတယ်။ အဲဒါပြီးမှ ကိုယ်ပိုင်တံခွန်က အပြီးသတ် လျှောက်လဲချက်တင်ရမှာ ဖြစ်ပါတယ်။ အဲဒါပြီးမှ အပြီးသတ်အမိန့်ချရမှာ ဖြစ်ပါတယ်။”လို့ ပြောပါတယ်။
သရုပ်ဆောင်မော်ဒယ် ပိုင်တံခွန်ကို ဧပြီလ ၈ ရက်က ရန်ကုန်မြို့ မြောက်ဒဂုံနေအိမ်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးခံရချိန်မှာ ပိုင်တံခွန်ဟာ နာမကျန်းဖြစ်နေကာ မတ်တပ်တောင်ကောင်းကောင်း မရပ်နိုင်တဲ့အခြေအနေမှာ ရှိခဲ့ပါတယ်။
စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးသပိတ်တွေမှာ ပါဝင်ခဲ့တာကြောင့် စစ်ကောင်စီက ပိုင်တံခွန်ကို ပုဒ်မ ၅၀၅(က) နဲ့ စွဲချက်တင်ခဲ့ပါတယ်။
ပြစ်ဒဏ်ချပြီးချိန်မှာတော့ ရှေ့နေအဖွဲ့က အယူခံဝင်ဖို့ ပြင်ဆင်ထားပေမယ့် မိသားစုရဲ့ အယူခံ ဝင်၊ မဝင် ဆုံးဖြတ်ချက်အပေါ် မူတည်ဆောင်ရွက်ရမယ်လို့ ရှေ့နေအဖွဲ့က ပြောပါတယ်။