ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဒီဇင်ဘာ ၁၉ ရက်နေ့ ညနေပိုင်းက နေအိမ်တစ်လုံး မီး လောင်ကျွမ်းတာကြောင့် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒူကထောင်ရပ်ကွက်က နေအိမ်တစ်လုံးမှာ ညနေ ၃ နာရီလောက် မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး ကျန်းမာရေးချို့တဲ့နေသူ အမျိုးသမီးနှစ်ဦး သေဆုံးခဲ့တာလို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
“ညနေ ၃ နာရီလောက်က အိမ်အောက်ထပ်က စလောင်တာ ဘယ်လို စလောင်လဲတော့ ကျနော်မသိရဘူး၊ အိမ်က တံခါးလည်း ပိတ်ထားတယ်။ အိမ်ထဲမှာ သားအမိနှစ်ယောက်ရှိတယ်၊ မိခင်ကြီးက ကျန်းမာရေးမကောင်းလို့ အိပ်ယာထဲလဲနေတာ။သမီးကလည်း စိတ်ကျန်းမာရေး ဝေဒနာသည်။ သူတို့နှစ်ဦး သေဆုံးခဲ့တယ်။”
မီးလောင်တဲ့နေအိမ်က တံခါးပိတ်ထားတဲ့အတွက် အသက် ၇၀ ကျော်မိခင်နဲ့ အသက် ၄၀ ကျော် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့တာပါ။
ကျေးရွာသားတွေ ဝိုင်းဝန်းငြိမ်းသတ်ခဲ့တာကြောင့် အခြားနေအိမ်တွေကို မီးမကူးစက်ဘဲ နေအိမ် ခေါင်မိုးနဲ့ ပြတင်းတံခါးတွေ အနည်းငယ်သာ လောင်ကျွမ်းခဲ့ပါတယ်။