မွန်ပြည်နယ်၊ သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်က စစ်တပ်ပိုင် Mytel ရုံးမှာ ဒီဇင်ဘာ ၇ ရက်နေ့ နေ့လယ် ၂ နာရီခွဲအချိန်လောက်က ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေက DVB ကို ပြောပါတယ်။
အဲဒီဗုံးပေါက်ကွဲမှုကြောင့် Mytel ရုံးအရှေ့မှာ ရပ်ထားတဲ့ မန်နေဂျာ ကားတစ်စီး ထိခိုက်ပျက်စီးခဲ့ပြီး ရုံးစောင့်ဝန်ထမ်းတစ်ဦး လက်တစ်ဖက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
Mytel ရုံး ဗုံးဖောက်ခွဲတာဟာ သူတို့ လက်ချက်ဖြစ်တယ်လို့ မွန်-သထုံ အထူးကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Mytel ရုံး ဗုံးဖောက်ပြီးနောက် မွန်-သထုံ အထူးကာကွယ်ရေးတပ်ဖွဲ့ကတော့ စစ်ကောင်စီက ဝင်ငွေရရှိမှုကို ရတဲ့နည်းလမ်းနဲ့ ဖြတ်တောက်သွားမှာဖြစ်လို့ ပြည်သူတွေအနေနဲ့ ပတ်သက်ဆက်သွယ်တာတွေ မလုပ်ကြဖို့ သတိပေးထားပါတယ်။
စစ်တပ်ပိုင် Mytel ရုံး ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သထုံမြို့ပေါ်က လမ်းတချို့ကို ပိတ်ဆို့ပြီး ရှာဖွေစစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မွန်-သထုံ အထူးကာကွယ်ရေးတပ်ဖွဲ့ဟာ ဒီကနေ့ ဒီဇင်ဘာ ၇ ရက်နေ့ နေ့လယ် ၁၁ နာရီအချိန်ကလည်း သထုံမြို့နယ် တောင်စွန်းကျေးရွာရှိ ရထားသံလမ်းကို မိုင်းခွဲဖျက်ဆီးခဲ့ပါတယ်။