Home
မြန်မာသတင်း
သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို စစ်ကောင်စီက ထောင်ဒဏ်ချသည့် အပေါ် နိုင်ငံတကာ ကန့်ကွက်ရှုတ်ချ
DVB
·
December 7, 2021

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို စစ်ကောင်စီက တရားစွဲဆိုပြီး ထောင်ဒဏ်ချမှတ်လိုက်တဲ့အပေါ် ကုလသမဂ္ဂ၊ အီးယူ၊ အမေရိကန်နဲ့ ယူကေ အပါအဝင် နိုင်ငံတကာအသိုက်အဝန်းက ကန့်ကွက် ရှုတ်ချလိုက်ပြီး နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံခေါင်းဆောင်တွေအပေါ် စစ်ကောင်စီက မတရားပြစ်ဒဏ်စီရင်ချမှတ်ခဲ့တာနဲ့  ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ စတီဖင်ဒူဂျာရစ်က ဒီဇင်ဘာ ၆ ရက် သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက်ချတာနဲ့ ပတ်သက်ပြီး တုံ့ပြန်ဖို့ တောင်းဆိုကြသူတွေရှိပြီး၊ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ်ချဲလ်ဘာချီလတ်ကလည်း  အဲဒီ စီရင်ချက်ကို ရှုတ်ချကြောင်း ကြေညာချက်ကို ထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။

ကုလအတွင်းရေးမှူးချုပ်ရဲ့ အခန်းကဏ္ဍကနေလည်း ဖေဖေါ်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းယူမှုအပေါ် ရှုတ်ချကြောင်း ထပ်လောင်းပြောကြားခဲ့ပြီး အကြမ်းဖက်မှုတွေနဲ့ ဖိနှိပ်မှုတွေချက်ချင်းရပ်တန့်ရေး၊ လူ့အခွင့်အရေးကို လေးစားလိုက်နာရေးနဲ့ မြန်မာနိုင်ငံရှိ နိုင်ငံရေး အကျဉ်းသားများအားလုံးကို အမြန်ဆုံး လွှတ်ပေးဖို့ ထပ်မံတောင်းဆိုကြောင်း ပြောပါတယ်။ 

အလားတူ အီးယူ ဥရောပသမဂ္ဂကိုယ်စား အဆင့်မြင့်ကိုယ်စားလှယ် ဂျိုးဆက်ပ်ဘော်ရဲလ်ကလည်း မြန်မာနိုင်ငံမှာ  နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြို့တော်ဝန် ဒေါက်တာ မျိုးအောင်တို့ကို ထောင်ဒဏ်များ ချမှတ်ခဲ့တာနဲ့ အဆိုပါပုဂ္ဂိုလ်တွေကို အမှုစစ်ဆေးတာတွေဟာ နိုင်ငံရေးဖိအားပေးတာဖြစ်တယ်လို့ ထုတ်ပြန် ပြောပါတယ်။ 

ဒီဖြစ်ရပ်ဟာ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးကို စနစ်တကျ ဖြိုဖျက်ရေးသို့ ဦးတည်နေတဲ့ နောက်ထပ်ခြေလှမ်းတလှမ်းဖြစ်သလို လူ့အခွင့်အရေးကို ဆိုးရွားစွာ ထမ်မံ ချိုးဖောက်မှုတခု ဖြစ်တယ်လို့လည်းပြောပါတယ်။

ဒီစီရင်ချက်ကို ဥရောပသမဂ္ဂအနေနဲ့ ပြင်းထန်စွာရှုတ်ချလိုက်ပြီး ဒီတရားစွဲဆိုမှုတွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံခေါင်းဆောင်တွေကို အာဆီယံရဲ့ ဘုံသဘောတူညီချက်ငါးရပ်အရ တောင်းဆိုထားတဲ့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးဖြစ်စဉ်မှ ဖယ်ထုတ်ဖို့ ကြိုးပမ်းတဲ့ သိသာထင်ရှားသော ကြိုးစားမှုတစ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်ရဲ့ လုပ်ရပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ရှင်းလင်းပြတ်သားစွာ ဖော်ပြခဲ့တဲ့ ပြည်သူ့ဆန္ဒကို မထီမဲ့မြင်ပြုနေတာ အပြည့်အဝ ပြသနေကြောင်းနဲ့ အာဏာသိမ်းစဉ်ကစပြီး ထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးနဲ့တကွ  တရားမဲ့ ဖမ်းဆီးထိန်းသိမ်းထားသူအားလုံးကို ခြွင်းချက်မရှိ၊ ချက်ချင်းပြန်လွှတ်ပေးဖို့ အီးယူက တောင်းဆိုပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်ကလည်း မြန်မာစစ်အာဏာရှင်က ဒေါ်အောင်ဆန်းစုကြည်အပေါ် မတရားပြစ်ဒဏ်ချမှတ်တာနဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ တခြားတာဝန်ရှိသူတွေအပေါ်ဖိနှိပ်တာဟာ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီစနစ်နဲ့ တရားဥပဒေစိုးမိုးမှုကို ထပ်မံစော်ကားလိုက်တာ ဖြစ်တယ်လို့ ကြေညာချက်ထုတ်ပြန်ပြောပါတယ်။

တရားဥပဒေစိုးမိုးမှုကို စစ်အာဏာရှင်က ဆက်လက်မထီမဲ့မြင်ပြုလုပ်နေတာနဲ့ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ကျူးလွန်နေတာဟာ မြန်မာနိုင်ငံရဲ့ အားလုံးပါဝင်တဲ့ ဒီမိုကရေစီလမ်းကြောင်းကို ပြန်လည်ဖော်ဆောင်ဖို့ အရေးတကြီးလိုအပ်နေကြောင်း မီးမောင်းထိုးပြနေတယ်လို့ ဆိုပါတယ်။

လွတ်လပ်မှုနဲ့ ဒီမိုကရေစီကိုလိုလားတောင်းတနေတဲ့ မြန်မာပြည်သူတွေနဲ့အတူ မိမိတို့လက်တွဲတဲ့အကြောင်းနဲ့ အကြမ်းဖက်မှုတွေအဆုံးသတ်ဖို့၊ ပြည်သူ့ဆန္ဒကို လေးစားဖို့နဲ့ မတရားဖမ်းဆီးထားသူအားလုံးကိုပြန်လွှတ်ပေးဖို့ စစ်အာဏာရှင်ကို  အမေရိကန်က တောင်းဆို လိုက်ပါတယ်။

 ယူကေနိုင်ငံခြားရေး ဝန်ကြီး လဇ်ထရပ်စ် ကတော့ “ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ချမှတ်တာဟာ အတိုက်အခံပါတီတွေကို ဖိနှိပ်ဟန့်တားပြီး လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို ချိုးနှိမ်ဖို့ မြန်မာအာဏာရှင်ရဲ့ နောက်ထပ် ထိတ်လန့်ဖွယ်ရာ ကြိုးပမ်းမှုတစ်ခုပဲ"လို့ ပြောပါတယ်။ 

နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပြီး တွေ့ဆုံဆွေးနွေးဖို့နဲ့ ဒီမိုကရေစီစနစ်ပြန်သွားခွင့်ပြုဖို့ ယူကေအနေနဲ့ စစ်ကောင်စီကိုတောင်းဆိုကြောင်း ရွေးကောက်ခံ နိုင်ငံရေးသမားတွေကို  တရားလက်လွတ် ဖမ်းဆီးတာဟာ တိုင်းပြည်မှာ မငြိမ်မသက်မှုတွေထပ်ဖြစ်ဖို့သာ ဖြစ်စေမယ်လို့ သတိပေးပြောကြားလိုက်ပါတယ်။ 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို အလွန်ရှက်ဖွယ်ကောင်းတဲ့ တရားခွင်ကနေ ထောင်ဒဏ် အသီးသီးချမှတ်လိုက်တာကို  ပြင်းထန်စွာ ရှုတ်ချတယ်လို့  ဒိန်းမတ်နိုင်ငံခြားရေး ဝန်ကြီးကလည်းပြောပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုဖြစ်ကတည်းက တရားဥပဒေ စိုးမိုးရေးနဲ့ ဒီမိုကရေစီဟာ နောက်ပြန်ဆွဲသွားပြီဖြစ်ကြောင်း၊ ဒါကြောင့် တရားဥပဒေမဲ့ ထိမ်းသိမ်းခံထားရသူ အားလုံးကို ချက်ချင်း ပြန်လွှတ်ပေးဖို့ တောင်းဆိုကြောင်း ပြောပါတယ်။

ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးတော့ နိုင်ငံရေး ရည်ရွယ်ချက်ရှိရှိနဲ့ အခုလို  ရာဇဝတ်ပြစ်မှု အဖြစ် အဓမ္မတရားစီရင်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း၊ ဒါဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ကို နောက်ထပ် နောက်ကြောင်းပြန်မှုတခု ဖြစ်ကြောင်း၊ ဒါဟာ တရားဥပဒေစိုးမိုးမှုကို လုံးဝ မထီမဲ့မြင်ပြုတာဖြစ်ကြောင်း သူ့ရဲ့ ထွစ်တာလူမှုကွန်ရက်မှာ ရေးပါတယ်။ 

ချက်သမ္မတနိုင်ငံအနေနဲ့  ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားသော ဒီမိုကရေစီနည်းကျ ရွေးကောက်ခံခေါင်းဆောင်တွေနဲ့အတူ အပြည့်အဝ ရပ်တည်ကြောင်းလည်း ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ထောင်ဒဏ်ချလိုက်တာဟာ မလျော်ကန်မနှစ်မြို့ဖွယ်တဲ့လုပ်ရပ်ဖြစ်လို့ အထူးစိတ်ပျက်မိတယ်လို့  ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ဟီရိုခါဇူမတ်ဆူနိုက ဒီနေ့မနက် အစိုးရအဖွဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဂျပန်နိုင်ငံခြားရေး၀န်ကြီး ယိုရှိမာဆာဟာယာရှီကလည်း ဂျပန်အပါအဝင် နိုင်ငံတကာက အစဉ်တစိုက်ပြောဆိုခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသူအားလုံးကို အမြန်ပြန်လွှတ်ပြီး ဒီမိုကရေစီလမ်းကြောင်းပြန်ဖော်ဆောင်ရေးကိုတောင်းဆိုချက်ကို စစ်ကောင်စီက  လစ်လျူရှူပြီး အပြုသဘောမဆောင်တဲ့လုပ်ရပ်ဖြစ်လို့  အထူးစိုးရိမ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ကနေဒါနိုင်ငံခြားရေးဌာနဝန်ကြီး မီလာနီဂျိုလီကတော့ တရားစီရင်ရေး မဏ္ဍိုင်ရဲ့ လွတ်လပ်မှုဟာ တရားဥပဒေ စိုးမိုးရေးမှာ အခြေခံကျပြီး ဘယ်လို ဒီမိုကရေစီ နည်းလမ်းကျတဲ့၊ တာဝန်ယူ တာဝန်ခံမှု ရှိတဲ့ အစိုးရမျိုးအတွက်မဆို မရှိမဖြစ် လိုအပ်တယ်လို့ ပြောဆိုပြီး  နိုင်ငံခေါင်းဆောင်တွေကို ပြစ်ဒဏ်စီရင်တဲ့အပေါ် ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။

လက်နက်မဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေနဲ့ အရပ်သား ပြည်သူတွေအပေါ် သေစေလောက်တဲ့ အင်အားသုံး အကြမ်းဖက်တာ၊ ဆန္ဒပြသူတွေ၊ နိုင်ငံရေးသမားတွေ၊ အရပ်သားတွေ၊ အရပ်ဘက်အဖွဲ့အစည်းဝင် တက်ကြွလှုပ်ရှားသူတွေ၊ သတင်းထောက်တွေနဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူ ခေါင်းဆောင်တွေကို ဆက်လက်ဖမ်းဆီးနေတာအပါအဝင် မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပွားတဲ့ ဖြစ်ရပ်တွေအပေါ် ကနေဒါနိုင်ငံအနေနဲ့များစွာ စိုးရိမ်မကင်း ဖြစ်မိပါတယ်လို့ ဆိုပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့အပေါ် ထောင်ဒဏ်စီရင်လိုက်တဲ့အပေါ်   နော်ဝေနိုင်ငံခြားရေးဝန်ကြီး အန်နီကန်ဗစ်ဖက်ဒ်ကလည်း အပြင်းအထန် ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။

စစ်အာဏာရှင်ဟာ သူ့ကို နိုင်ငံရေးအရဆန့်ကျင်သူတွေကို အသံတိတ်သွားအောင် တရားစီရင်ရေးစနစ်ကို အသုံးပြုနေတာနဲ့ ဒီလုပ်ရပ်ကြောင့်  စိုးရိမ်စရာ ဖြစ်ပြီးသား မြန်မာနိုင်ငံရဲ့ အခြေအနေကို ဘယ်လို သက်ရောက်မှုရှိမယ်ဆိုတာကို အလွန်အမင်းစိုးရိမ်တဲ့အကြောင်းလည်း ပြောပါတယ်။  

ဩစတြေးလျနိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူကတော့  ခုလို ထောင်ဒဏ်ချမှတ်လိုက်တဲ့အပေါ် အလွန်စိုးရိမ်ကြောင်းနဲ့  တရားလက်လွတ်ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးဖို့၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လမ်းကြောင်းကို အမြန်ဆုံး ပြန်သွားဖို့ ဆက်လက်တောင်းဆိုတယ်လို့ ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို စစ်ကောင်စီ လက်အောက်ခံ ဇမ္ဗူသီရိတရားရုံးက ဒီဇင်ဘာ ၆ ရက်မနက်မှာ ပုဒ်မ ၅၀၅(ခ) အမှုအတွက် ထောင်ဒဏ် ၂ နှစ်နဲ့  သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ -၂၅  အတွက်  ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၄ နှစ် စီချမှတ်ခဲ့တာဖြစ်ပါတယ်။

ဒီအမိန့်ချပြီး နာရီပိုင်းအတွင်းမှာဘဲ   သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ်  ချမှတ်ခဲ့တဲ့ ထောင်ဒဏ် ၄ နှစ်ထဲက  ၂ နှစ်ကို လွတ်ငြိမ်းသက်သာ လျော့ပေးလိုက်ကြောင်း စစ်ကောင်စီက  ကြေညာခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက  နှစ်ရှည်ထောင်ဒဏ်တွေချမှတ်နိုင်တဲ့  အဂတိအမှုတွေအပါအဝင် အမှုပေါင်း ၁၃ မှုနဲ့ တရားစွဲထားတာဖြစ်ပါတယ်။

Photo- President Office

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024