မန္တလေးတိုင်း မလှိုင်မြို့နယ် ထန်းတောရွာ အလယ်တန်းကျောင်းအုပ်ဆရာကြီးက ကျောင်းမလာတဲ့ ကလေးတွေကို ဖိအားပေးပြီး ကျောင်းတက်ခိုင်းတဲ့အတွက် မလှိုင်ပညာရေး ဘုတ်အဖွဲ့က ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ကြောင်း ဒီဇင်ဘာ ၄ ရက်နေ့က စာထုတ်ပြန်ထားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"မလှိုင်မြို့နယ်က ပညာရေးအားပေးတဲ့မြို့နယ်ပါ။ ပညာရေးနဲ့ပတ်သက်ရင် ထိန်းကျောင်း နိုင်အောင် ပညာရေးဘုတ်အဖွဲ့တစ်ခု ဖွဲ့ထားကြတာပါ။ ရွာမှာ ကျောင်းဖွင့်ထားပေမယ့် ကိုဗစ်ကာလ ဖြစ်တာရယ်၊ စီးပွားရေးကြပ်တည်းကြတာရယ်ကြောင့် တချို့ကလေးတွေ ကျောင်းမတက်နိုင်ကြဘူး" လို့ ပြောပါတယ်။
မလှိုင်ပညာရေးဘုတ်အဖွဲ့က ထန်းတောအလယ်တန်းကျောင်းအုပ်အနေနဲ့ ကျောင်းသားတွေ နဲ့ ကျောင်းသားမိဘတွေ အခက်အခဲအမျိုးမျိုးရှိနေတဲ့အတွက် ကျောင်းမတက်နိုင်တဲ့အပေါ် ဖိအားပေး ခြိမ်းခြောက်နေတာကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ကျောင်းသား ကျောင်းသူတို့ရဲ့ ကိုယ်ပိုင်အခွင့်အရေးအရ ရွေးချယ်မှုတွေကို အာဏာပြ အကျပ်ကိုင် ခြိမ်းခြောက်တဲ့ မည်သည့်ပုဂ္ဂိုလ်အဖွဲ့အစည်းကိုမဆို ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း အချက် ၅ ချက် ထုတ်ပြန်ထားတာပါ။
ထန်းတောရွာအလယ်တန်းကျောင်းဟာ ကျောင်းသားဦးရေ သုံးရာကျော်ရှိတဲ့အနက် လက်ရှိမှာ ကျောင်သား ကျောင်းသူ နှစ်ရာလောက် ကျောက်လာတက်နေတယ်လို့ သိရပါတယ်။