ကရင်ပြည်နယ် ဘားအံမြို့၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းရှေ့၊ ဗိုလ်ချုပ်လမ်းမကြီးဘေးမှာ စစ်ကောင်စီရဲ့ လုံခြုံရေးတွေရှိနေတဲ့ကြားက ဒီဇင်ဘာ ၄ ရက် ညနေ ၆ နာရီလောက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။
ကျောင်းဝန်းအတွင်း စစ်ကောင်စီရဲ့တပ်နဲ့ ရဲတွေ လုံခြုံရေးရယူနေတဲ့ကြားက ပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိဘူးလို့ မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောပါတယ်။
“ပေါက်ကွဲသံကတော့ အကျယ်ကြီးပဲ။ ကျောင်းဝင်းထဲမှာတော့ စကစတွေ ရှိတယ်။ ကျောင်းဆင်းပြီးမှဖြစ်တော့ ဘယ်သူမှ ထိခိုက်တာမရှိဘူး။ ကားတွေက အသွားအလာ နည်းတဲ့အချိန်လည်း ဖြစ်တယ်။ ကျောင်းဖွင့်တဲ့အတွက် သတိပေးတဲ့အနေနဲ့ လုပ်တာဖြစ်မှာပေါ့။”
ပေါက်ကွဲမှုဖြစ်ပွားရာနေရာကို အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်နဲ့ ရဲတွေရောက်ရှိလာပြီး လမ်းသွားလမ်းလာနဲ့ အနီးပတ်ဝန်းကျင်ကို စုံစမ်းစစ်ဆေးတာတွေ ပြုလုပ်ခဲ့သလို မြို့ဝင်မြို့ထွက် သွားလာသူတွေကိုလည်း လုံခြုံရေးတင်းကျပ်ပြီး စောင့်ကြည့်တာတွေ လုပ်နေပါတယ်။
ဇွန် ၁၁ ရက်နေ့ကလည်း အမှတ် ၃ အခြေခံပညာအထက်တန်းကျောင်း၊ ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေးရုံးနဲ့ အမှတ် ၉ ရပ်ကွက် ဇွဲကပင်ကုန်းတွေမှာ တစ်ရက်တည်း ဗုံးပေါက်ကွဲမှု ၃ နေရာဖြစ်ပွားခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့ပါဘူးလို့ မြို့ခံပြည်သူတွေက ဆိုပါတယ်။