မန္တလေးမြို့၊ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့မအုပ်စု အောင်သပြေရပ်ကွက်ရှိ မီးရထားလူစီးတွဲနဲ့ ကုန်တွဲစက်ရုံရှေ့မှာ ဒီဇင်ဘာ ၄ ရက် ဒီနေ့မနက် ၆ နာရီကျော်လော်ကက လက်လုပ်မိုင်းပေါက်ကွဲခဲ့ပါတယ်။
လက်လုပ်မိုင်း ပေါက်ကွဲမှုကြောင့် လုံခြုံရေးတာဝန်ကျတဲ့ မီးရထားဝန်ထမ်း ဦးဌေးမောင် ညာလက်မောင်း ထိခိုက်ဒဏ်ရာရခဲ့ပြီး မစိုးရိမ်ရဘူးလို့ သိရပါတယ်။
ဒါ့အပြင် ပေါက်ကွဲမှုကြောင့် ခြံစည်းရိုးသံတန်းပြတ်တောက်သွားတာနဲ့ တာဝန်မှူးရုံးခန်းပြတင်းပေါက်မှန်အနည်းငယ်ပျက်စီးတာ ရှိခဲ့တယ်လို့ CDM မီးရထား ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
ဒီနေ့မနက် ၇ နာရီလောက်ကလည်း အမရပူရမြို့နယ်၊ ငယ်တိုးကျေးရွာအုပ်စု၊ စစ်ကိုင်း - မန္တလေး ကားလမ်း အနောက်ဘက်ရှိ ငယ်တိုးဈေးရုံးခန်းအနီး ဗုံးပေါက်ကွဲခဲ့ပြီး ထိခိုက် ပျက်စီးတာမရှိဘူးလို့ သိရပါတယ်။