မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ဒီဇင်ဘာလ ၄ ရက် ဒီနေ့ မွန်းလွဲပိုင်းက စစ်တပ်ပိုင် မိုင်တဲလ် တာဝါတိုင် ၁ တိုင်ကို ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ မြိုင် PDFတပ်ဖွဲ့ကနေ သိရပါတယ်။
မြိုင်မြို့နယ် စဘေနဲ့ ထန်းငယ်တောရွာနားမှာရှိတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ အဓိက စီးပွားရေးဒေါက်တိုင်ဖြစ်တဲ့ မိုင်တဲလ် တာဝါတိုင် တတိုင်ကို ဒီကနေ့ မွန်းတည့် ၁၂ နာရီလောက်မှာ မြိုင် PDFတပ်ဖွဲ့က ဖောက်ခွဲ ဖျက်ဆီးခဲ့ကြတယ်လို့ မြိုင် PDFတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“ကျနော်တို့ အနေနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ စီပွားရေးဒေါက်တိုင်တွေအားလုံးကို ရရာနည်းနဲ့ ဖြိုလှဲဖျက်ဆီးပစ်ရမယ်။ စစ်ကောင်စီမိသားစုတွေနဲ့ ဆက်နွှယ်တဲ့သူတွေ ထုတ်လုပ်တဲ့ ထုတ်ကုန်ပစ္စည်း အားလုံးကို သပိတ်မှောက်ကြရမယ်။ ပြည်သူလူထုအနေနဲ့လည်း စစ်အုပ်စုက ထုတ်တဲ့ ပစ္စည်းမှန်သမျှကို မသုံးစွဲခြင်းနဲ့ တော်လှန်ရေးမှာ ပူးပေါင်းပါဝင်ပေးဖို့ တိုက်တွန်းချင်တယ်လို့ ဆိုပါတယ်။
မြိုင် PDFတပ်ဖွဲ့အနေနဲ့ နောက်နောင်မှာလည်း စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွှယ်တဲ့ ဒလန်တွေ၊ စီးပွားရေးမိတ်ဖက်တွေ စစ်ကောင်စီတပ်တွေကို တိုက်ခိုက် ခြေမှုန်းသွားမယ်လို့ ဆိုပါတယ်။
မိဘပြည်သူတွေအနေနဲ့ စစ်အုပ်စုနဲ့ နီးစပ်တဲ့နေရာတွေမှာမနေထိုင်ကြဖို့နဲ့ ခရီးသွား ယာဥ်မောင်းတွေအနေနဲ့ လည်း ကားမှန်တွေကို အောက်ချပြီးမှ မောင်းနှင်ကြဖို့ ထပ်မံ သတိပေးထားပါတယ်။
မြန်မာနိုင်ငံတဝန်းမှာ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက် နိုဝင်ဘာ ၃၀ ရက်နေ့အထိ မိုင်းခွဲ မီးရှို့ဖျက်ဆီးခံရတဲ့ တယ်လီဖုန်းတာဝါတိုင် ပေါင်း ၄၀၉ ခု ရှိပြီလို့ စစ်ကောင်စီက ကြေညာထားပါတယ်။