မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ ဌာနဆိုင်ရာ ရုံးဝန်ထမ်းတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဝန်ထမ်းတွေကို မွန်-သထုံကာကွယ်ရေးတပ်ဖွဲ့က ဒီဇင်ဘာ ၄ ရက်မှာ နောက်ဆုံးအကြိမ် သတိပေးလိုက်ပါတယ်။
အဲဒီသတိပေးစာမှာတော့ လာမယ့် တနင်္လာနေ့ ရုံးဖွင့်ရက်ကစပြီး စစ်ကောင်စီ လက်အောက်မှာ ဆက်လက် တာဝန်ထမ်းဆောင်မယ်ဆိုရင် ဝန်ထမ်းတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို အာမ မခံတော့ဘူးလို့ ဆိုထားပါတယ်။
မွန်-သထုံကာကွယ်ရေးတပ်ဖွဲ့ကတော့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ အခွန်ဝင်ငွေ စီးဆင်းနေမှုကို ဖြတ်တောက်ချင်တဲ့အတွက် ရုံးဝန်ထမ်းတွေ ရုံးမတက်ကြဖို့ အကြိမ်ကြိမ် သတိပေးခဲ့ပြီး အခုအခါမှာတော့ နောက်ဆုံးအကြိမ် သတိပေးရတာလို့ ထုတ်ပြန်ထားပါတယ်။
သထုံမြို့နယ်ထဲက ဌာနဆိုင်ရာရုံးတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေ ဗုံးပေါက်ကွဲမှု ဆက်တိုက်ဖြစ်လာတဲ့အတွက်ကြောင့် ရုံးတက်ဖို့ စိုးရိမ်နေရတယ်လို့ ရုံးတက်နေတဲ့ Non CDM ဝန်ထမ်း တစ်ဦးက ပြောပါတယ်။ ဒါကြောင့် လာမယ့် ရုံးဖွင့်ရက်မှာ အခြေအနေ စောင့်ကြည့်သွားမယ်လို့ ဆိုပါတယ်။
သထုံမြို့နယ်မှာတော့ ဒီဇင်ဘာ ၃ ရက် ညနေ ၄ နာရီလောက်က လဝကရုံး ဗုံးပေါက်ကွဲပြီးနောက် ရုံးတံခါးနဲ့ ဆိုင်ကယ် ၃ စီးထက်မနည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
လဝကရုံး မိုင်းခွဲတိုက်ခိုက်တာဟာ သူတို့ လက်ချက်ဖြစ်တယ်လို့ မွန်-သထုံကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။