မီရှီဂန်ပြည်နယ် အထက်တန်းကျောင်း ပစ်ခတ်မှု ကျူးလွန်သူ၏ မိဘကို လူသတ်မှုဖြင့် စွဲချက်တင်

အမေရိကန်ပြည်ထောင်စု မီရှီဂန်ပြည်နယ် အထက်တန်းကျောင်းမှာ ကျောင်းသား ၄ ယောက်ကို ပစ်သတ်ခဲ့တဲ့ ၁၅ နှစ်အရွယ် အီသန်ခရမ်ဘလေရဲ့ မိဘတွေကို  ဆန္ဒအလျောက် လူသတ်မှုနဲ့ စွဲချက်တင်ထားပြီး အာဏာပိုင်တွေက ရှာဖွေနေပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ဆယ်ကျော်သက်တွေရဲ့ ကျောင်းတွင်းပစ်ခတ်မှု မကြာခဏ ဖြစ်ပွားတတ်ပေမယ့် မိဘတွေကို စွဲချက်တင်ခံရတာ  အထူးအဆန်းဖြစ်နေတာပါ။ 

အောက်ကလန်ကောင်တီရဲအရာရှိ မိုက်ကယ်လ်ဘောက်ချက်ဒ်က မိဘတွေရဲ့ နေရာကို လောလောဆယ် မသိရသေးကြောင်းနဲ့ သူတို့ကို တရားခံပြေးအဖြစ် သတ်မှတ်ထားကြောင်း ပြောပါတယ်။ 

ပစ်ခတ်မှုမဖြစ်ပွားခင် ၄ ရက်အလိုက အဖေဖြစ်သူ ဂျိမ်းမ်ခရမ်ဘလေက သူ့သားအတွက် ခရစ္စမတ်လက်ဆောင်အဖြစ် 9mm Sig Sauer  သေနတ်တလက်ကို ဒေသန္တရ သေနတ်အရောင်းဆိုင်မှာ သူ့သားနဲ့အတူ ဝယ်ယူခဲ့တာဖြစ်တယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။

အဲဒီနေ့နှောင်းပိုင်းမှာပဲ ဆယ်ကျော်သက် အီသန်ကလည်း သူ့ရဲ့ Instagram အကောင့်မှာ သေနတ်ပုံတစ်ပုံကို အသည်းပုံ အီမိုဂျိနဲ့အတူ “ဒီနေ့ပဲ အလှသစ်ရပြီ” ဆိုတဲ့ ပို့စ်တင်ခဲ့ပြီးတော့ သူ့အမေ ဂျနီဖာ ခရမ်ဘလေကလည်း နောက်နေ့မှာ.. သူတို့နှစ်ယောက် သူ့ရဲ့ ခရစ်စမတ်လက်ဆောင်အသစ်ကို စမ်းသပ်နေတယ်လို့ ပို့စ်တင်ခဲ့တယ်လို့  အောက်ကလန်ကောင်တီ အစိုးရရှေ့နေ ကာရန်မက်ဒေါ်နယ်က ပြောပါတယ်။

နိုဝင်ဘာလ ၃၀ ရက်က ဒက်ထရွိုက်မြို့ မြောက်ဘက် အောက်စဖို့ဒ် အထက်တန်းကျောင်းမှာ ပစ်ခတ်မှုအတွင်း အသက် ၁၄ နှစ်မှ ၁၇ နှစ်အရွယ် ကျောင်းသား ၄ ဦး သေဆုံးခဲ့ပြီး ဆရာမတစ်ဦးနဲ့ တခြား ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ပစ်ခတ်မှုဖြစ်တဲ့နေ့မှာ ကျောင်းကဆရာတဦးဟာ အတန်းချိန်အတွင်း အီသန်က သူ့လက်ကိုင်ဖုန်းထဲမှာ လက်နက်ခဲယမ်းတွေအကြောင်း ရှာဖွေထားတာ တွေ့ရလို့ ကျောင်းအာဏာပိုင်တွေကို သတင်းပို့ခဲ့ပြီး မိခင်ဖြစ်သူဆီလည်း သတိပေးစာ ပေးပို့ခဲ့ပါတယ်။ 

အီသန်ရဲ့ မိခင်ဖြစ်သူဆီက အကြောင်းပြန်ကြားစာ မလာဘဲ သူ့သားဆီကိုတော့ ဒီပြစ်မှုအတွက် စိတ်မဆိုးကြောင်း၊ အဖမ်းမခံရအောင်လုပ် ဆိုပြီး မက်ဆေ့ ပေးပို့ခဲ့တာ တွေ့ရပါတယ်။ 

ပစ်ခတ်မှု ကျူးလွန်သူ ၁၅ နှစ်သား အီသန်ခရမ်ဘလေကို နိုင်ငံတော် လူသတ်မှုနဲ့ အကြမ်းဖက် စွဲချက်တွေနဲ့ အရွယ်ရောက်ပြီးသူအဖြစ် စွဲချက်တင်ခံထားရပါတယ်။

သူ့မိဘတွေဖြစ်တဲ့ ဂျိမ်းနဲ့ ဂျနီဖာခရမ်ဘလေတို့ကိုလည်း လူသတ်မှု ၄ ကြိမ်စီ ရင်ဆိုင်ရဖို့ ဝရမ်းထုတ်ထားပါတယ်။

ဒီစွဲချက်တွေဟာ ဒီဖြစ်ရပ်ဆိုးမှာ ပါဝင်ကူညီသူတွေကို တာဝန်ခံဖို့ ရည်ရွယ်ပြီး သေနတ် ပိုင်ဆိုင်သူတွေမှာ တာဝန်ရှိကြောင်း သတင်းစကား ပေးပို့ရခြင်းဖြစ်ပါတယ်လို့ အောက်ကလန် ကောင်တီ အစိုးရရှေ့နေက ပြောပါတယ်။ ဆန္ဒအလျောက် လူသေစေမှုဟာ ထောင်ဒဏ် ၁၅ နှစ်ထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up