ဆိုင်ကလုန်းမုန်တိုင်း “ဂျဝပ်ဒ်” (JAWAD)”ရဲ့ အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ လေပြင်းတိုက်ခတ်နိုင်တဲ့အတွက် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်နဲ့ သင်္ဘောတွေ ကြိုတင်သတိပြုနိုင်ဖို့ မိုးဇလဌာနက အသိပေးနှိုးဆော်ထားပါတယ်။
ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း “ဂျဝပ်ဒ်”ဟာ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ရဲ့ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၅၁၀ မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့ရဲ့ အနောက်ဘက်ရေမိုင် ၅၅၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဗီဆာကာပတ္တနမ်မြို့ရဲ့ အရှေ့တောင်ဘက် ရေမိုင် ၁၃၅ မိုင်ခန့်၊ ဂိုလ်ပါပူမြို့ရဲ့ တောင်ဘက်ရေမိုင် ၁၉၅ မိုင်ခန့်၊ ပူရီမြို့ရဲ့ တောင်-အနောက်တောင်ဘက်ရေမိုင် ၂၃၅ မိုင်ခန့်နဲ့ ပါရာဒစ်ရှ်မြို့ရဲ့ တောင် -အနောက်တောင်ဘက် ရေမိုင် ၂၈၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ဗဟိုချက်လေဖိအား ၉၉၉ ဟက်တိုပါစကယ်နဲ့ အမြင့်ဆုံး လေတိုက်နှုန်း တစ်နာရီလျှင် ၄၅ မိုင်နှုန်းနဲ့ တိုက်ခတ်နေတဲ့ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းဟာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိလို့ အဝါရောင်အဆင့်ဟု သတ်မှတ်ပါတယ်။
ဆိုင်ကလုန်းမုန်တိုင်းအရှိန် ကြောင့် မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတရံ မိုးသက်လေပြင်းတွေကျရောက် လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်တယ်လို့ ဆိုပါတယ်။
မိုးသက်လေပြင်းကျစဉ် ရေပြင်၊ မြေပြင်လေဟာ တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်း အမြင့် ၇ ပေမှ ၉ ပေအထိရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
နောက် ၇၂ နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်တယ်လို့လည်း မိုးဇလဌာနက ခန့်မှန်းထားပါတယ်။