မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၄၀၂ ယောက်နဲ့ ၇ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၃ ရက်နေ့ညမှာ ထုတ်ပြန်ပါတယ်။
ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။
ဝန်ကြီးဌာနထုတ်ပြန်ချက်ထဲမှာတော့ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၉,၃၃၂ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၄၀၂ ယောက် တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း ၂ ဒသမ ၁ ရာခိုင်နှုန်း ရှိနေပါတယ်။
ရောဂါပြန်လည်ပျောက်ကင်းသက်သာလာလို့ ဆေးရုံက ဆင်းခွင့်ရသူအရေအတွက်ကတော့ ၅၁၆ ယောက်ရှိနေတယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၅၂၃,၇၄၈ ယောက်နဲ့ သေဆုံးသူအရေအတွက်ကတော့ ၁၉,၁၂၇ ယောက် ရှိနေပါတယ်။
မြန်မာနိုင်ငံဟာ အာဆီယံဒေသအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အစောဆုံးထိုးနှံနိုင်ခဲ့တဲ့ နိုင်ငံတစ်ခု ဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ အာဆီယံ ၁၀ နိုင်ငံအတွင်း ကာကွယ်ဆေးအပြည့်ထိုးပြီးသူ ရာခိုင်နှုန်းမှာတော့ အနည်းဆုံးဖြစ်နေတာကို Vaccine Tracker အချက်အလက်တွေအရ တွေ့ရှိရပါတယ်။
စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ နိုဝင်ဘာ ၃၀ ရက်နေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်အပြည့် ထိုးနှံပြီးစီးသူ ၁၁.၈၅ သန်း (၁၁,၈၅၈,၅၉၈) ဦးနဲ့ ပထမအကြိမ်ထိုးနှံပြီးစီးသူ ၄.၉၉ သန်း (၄,၉၉၀,၅၇၄၇) ဦးရှိပြီလို့ သိရပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံ လူဦးရေ ၅၅ သန်းရဲ့ ၂၁ ဒသမ ၆ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးနှစ်ကြိမ် အပြည့်ထိုးနှံထားပြီး ဖြစ်ပါတယ်။
ကမ္ဘာတဝန်း ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ အိုမီခရွန် ကူးစက်ခံရတဲ့ ၃၆ နိုင်ငံမှာ ပျံ့နှံ့ကူးစက်နေပြီး အာဖရိကနိုင်ငံတွေ၊ ဉရောပနိုင်ငံတွေ၊ အမေရိကန်၊ ကနေဒါ၊ ဂျပန်၊ တောင်ကိုရီးယား၊ ဟောင်ကောင်၊ စင်ကာပူ၊ အိန္ဒိယနဲ့ မလေးရှား စတဲ့နိုင်ငံတွေ ကူးစက်ခံနေရပြီလို့ သိရပါတယ်။