ချင်းပြည်နယ် မတူပီမြို့နယ်မှာ ချင်းဒေသ ကာကွယ်ရေးတပ်ဖွဲ့ (CDF) နဲ့ စစ်ဘေးရှောင်ပြည်သူ ၄၀၀၀ လောက် စားနပ်ရိက္ခာနဲ့ ကျန်းမာရေး စောင့်ရှောက်မှု အကူညီတွေ လိုအပ်နေတယ်လို့ မတူပီ CDF တပ်ဖွဲ့က ပြောပါတယ်။
အဓိက အခက်ခဲကတော့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေပြီး ကျေးရွာတိုင်းက ဒေသခံပြည်သူတွေနဲ့ CDF တပ်ဖွဲ့ဝင်တွေ ဖျားနာနေကြတယ်လို့ မတူပီ CDF တပ်ရင်းရဲ့ ဗျူဟာမှူးက DVB ကို ပြောပါတယ်။
မတူပီ CDF အနေနဲ့ တပ်ရင်း ၄ ရင်းရှိပြီး နှစ်ဘက်တိုက်ပွဲတွေကြောင့် ကျေးရွာပေါင်း ၁၀၀ နီးပါးလောက်က ဒေသခံပြည်သူတွေဟာ တောတွင်းနဲ့ နီးစပ်ရာဆွေမျိုးတွေဆီကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး ဆေးဝါး၊ ရိက္ခာ၊ အဝတ်အထည်တွေ အကူအညီနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက ချင်းပြည်နယ်ထဲကို ဆေးဝါးရိက္ခာတွေ သယ်ယူခွင့် မပြုတာကြောင့် မတူပီ မြို့ပေါ်မှာလည်း ဆေးဝါးတွေ ဝယ်ယူလို့ မရကြသလို ဆရာဝန်၊ ဆရာမတွေလည်း လုံလောက်မှုမရှိဘူးလို့ သိရပါတယ်။
မတူပီ-ပလက်ဝလမ်း၊ မတူပီ-မင်းတပ်လမ်းနဲ့ ကျေးရွာပေါင်း ၁၀၀ နီပါးလောက်က စစ်ဘေးရှောင်ပြည်သူတွေဟာ စစ်ဘေးရှောင် IDP စခန်း ဖွင့်လှစ်ထားတာမရှိဘဲ မိမိအစီစဥ်နဲ့ အဆင်ပြေသလို နေထိုင်ကြရတာလို့ ဒေသခံပြည်သူ တစ်ယောက်က ပြောပါတယ်။
“မတူပီ CDF အနေနဲ့ စားနပ်ရိက္ခာကတော့ အဆင်ပြေပေမယ့် အဓိကလိုအပ်ချက်က ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေလိုအပ်တယ်။ လက်နက်ခဲယမ်း ပြည့်စုံမှုမရှိပေမယ့် ရှိတဲ့ လက်နက်နဲ့ အကြမ်းဖက် စစ်---တွေကို ပြည်သူ့ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပြီးတော့ အမြစ်ပြတ် တိုက်ထုတ်သွားမယ်လို့ ပြောပါတယ်။
မတူပီမြို့နယ်ထဲမှာ နိုဝင်ဘာလအတွင်းက မတူပီ-ပလက်ဝ လမ်းနဲ့ မတူပီ-မင်းတပ်လမ်းပိုင်းတွေမှာ မတူပီ CDF နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲ ၅ ကြိမ်လောက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၄၀ ကျော်လောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။