မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ထုံးဘို - ပြင်ဦးလွင်အတက်ကားလမ်းရှိ တံတားတစ်ခုအနီးမှာ ဒီဇင်ဘာ ၂ ရက် မနက်ပိုင်းက ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် အမည်မသိ အမျိုးသားတယောက် ဒူးပြတ်၊ ခေါင်းပြတ် ဒဏ်ရာတွေနဲ့ သေဆုံးနေကာ ပေါက်ကွဲမှုဖြစ်တဲ့အနီးမှာလည်း ဆိုင်ကယ်တစ်စီးတွေ့တယ်လို့ သိရပါတယ်။
“မနက်က ထုံးဘို - ပြင်ဦးလွင် လမ်းဘက်က ပေါက်ကွဲသံကြားတယ်။ တမုတ်ဆိုးနဲ့ နီးမယ်ထင်တယ်။ လူတစ်ယောက် သေတယ်လို့လည်း ကြားတယ်။ ဘယ်သူမှန်းအတိအကျမသိရဘူး။” လို့ အမရပူရမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် မကြာခင်မှာ စစ်ကောင်စီတပ်သားတချို့ အရပ်ဝတ်တွေနဲ့ ရောက်လာပြီး စစ်ဆေးတာတွေလုပ်သွားတယ်လို့ သိရပါတယ်။
အခုရက်ပိုင်း မန္တလေးမြို့တွင်းနဲ့ မြို့ဝင် မြို့ထွက်တွေမှာ စစ်ကောင်စီတပ်၊ ရဲ ၊ ယာဉ်ထိန်းနဲ့ တခြားအဖွဲ့တွေ ပူးပေါင်းပြီး ရှာဖွေ စစ်ဆေးတာတွေကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေကြပါတယ်။