ထိုင်းအနောက်ပိုင်း၊ ကန်ကျနပူရီခရိုင်ထဲမှာ ဒီဇင်ဘာ ၁ ရက်က တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၄ ယောက်နဲ့ လမ်းပြ ၁ ယောက် ဖမ်းဆီးခံခဲ့ရပါတယ်။
ဒီနေ့မနက် ၃ နာရီကျော်က ကန်ကျနပူရီခရိုင် ဆိုင်းယုဒ်မြို့နယ်ထဲမှာ ထိုင်းအဖွဲ့ပေါင်းက လုံခြုံရေး စောင့်ကြပ်စစ်ဆေးစဉ် လုံဆုန့်ကျေးရွာအုပ်စု ဆာမတ်ခီးထမ်းရွာအနီး မောင်းနှင်လာတဲ့ အဖြူရောင် အီဇူစူးဟိုင်းလပ်ကား ၁ စီးပေါ်ကနေ မြန်မာအမျိုးသား ၁၂ ယောက် အမျိုးသမီး ၁၂ ယောက် စုစုပေါင်း ၂၄ ယောက်ကို ဖမ်းမိခဲ့တာလို့ ထိုင်းတာဝန်ရှိသူတွေက သတင်းထောက်ကို ပြောပါတယ်။
သူတို့ဟာ မြန်မာနိုင်ငံ ပဲခူးတိုင်းကဖြစ်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်၊ ချွန်းပူးရီး၊ စမွတ်ပရကန်၊ စမွတ်စခွန်း စတဲ့ခရိုင်တွေမှာ အလုပ်သွားလုပ်ဖို့ ပွဲစားကို တယောက်လျှင် ဘတ် ၁၈၀၀၀ မှ ၂၀၀၀၀ ထိ ပေးခဲ့ရတယ်လို့ ဆိုပါတယ် ။
ဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့ကိုခေါ်ဆောင်လာတဲ့ ထိုင်းယာဉ်မောင်းသမား နိုင်းအနန် ဆုန်း ချိုင်း ကို တာဝန်ရှိသူတွေက ဖမ်းဆီးထားပါတယ်။
သူတို့အားလုံးကို ကိုဗစ်ရောဂါရှိမရှိ ဆေးစစ်ဖို့ အပူချိန်တိုင်းရာမှာ အားလုံးပုံမှန်ဖြစ်ပြီး လဝကဥပဒေနဲ့ ဆက်လက် အရေး ယူဖို့ ဆိုင်းယုဒ်မြို့နယ်ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။