ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီမြို့နယ်က အာဏာဖီဆန် CDM မှာပါဝင်တဲ့ အိုင်ဂဒုံကျေးရွာ၊ အ.မ.က ကျောင်းအုပ် ဦးလှမျိုးထွန်းနဲ့ ပန်းဆွဲရွာသစ်ကျောင်းက မူလတန်းပြကျောင်းဆရာ ဦးအောင်ရဲထွဋ်တို့ကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁ ရက်နေ့မှာ လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူတွေဟာ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ ဖလန်ကုန်း ကျေးရွာမှာ နေထိုင်တဲ့ ဦးအောင်ရဲထွဋ်၊ ငဖြူကလေးကျေးရွာမှာနေထိုင်တဲ့ ဦးလှမျိုးထွန်းတို့ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကျောင်းအုပ်ဆရာ ဦးလှမျိုးထွန်းရဲ့ မိသားစုဝင်တဦးက “ဆရာကြီးက CDM ပြုလုပ်ပြီး ရှောင်တိမ်းနေတာ မကြာခင်ကမှ နေအိမ်ကို ပြန်လာတယ်၊ သတင်းပေးတဲ့သူရှိလို့ အဖမ်းခံရတာပါ။ ဘယ်ကိုဖမ်းသွားတယ်ဆိုတာ မသိရသေးဘူး'' လို့ ပြောပါတယ်။
နိုဝင်ဘာ ၁ ရက်နေ့၊ မနက် ၁ နာရီလောက်မှာလည်း မူလတန်းပြကျောင်းဆရာ ဦးအောင်ရဲထွဋ် ကို ဖမ်းဆီးသွားပြီး မနက် ၁၁ နာရီ ဝန်းကျင်မှာ ငဖြူကလေးကျေးရွာကျောင်းအုပ် ဦးလှမျိုးထွန်း ကို ထပ်မံဖမ်းဆီးခံရတာလို့ ဆိုပါတယ်။
မူလတန်းပြကျောင်းဆရာ ဦးအောင်ရဲထွဋ်ရဲ့ မိသားစုဝင်တဦးက “သူတို့နဲ့ ဆက်နွှယ်ခဲ့တဲ့သူတွေကို ဖုန်းဆက်ခေါ်နေတယ်လို့ သိရတယ်။ သူတို့က CDM ကိုပဲ သီးသန့်လုပ်နေတာပါ။ PDF အဖွဲ့ဝင်တွေလည်း မဟုတ်သလို ဘယ် PDF အဖွဲ့နဲ့မှလည်း အဆက်အသွယ်မရှိပါဘူး” လို့ ပြောပါတယ်။
CDM ပညာရေးဝန်ထမ်း ၂ ဦး ဖမ်းဆီးခံရတာ နဲ့ ပတ်သက်ပြီး သာယာဝတီမြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းရာ “ခင်ဗျားမေးတဲ့ ကျောင်းဆရာ ၂ ယောက်လုံးတော့ ရဲစခန်းမှာမရှိဘူး။ ၁ ယောက်တော့ရှိတယ်။ နာမည်မသိဘူး။ နောက်တယောက်က တပ်မ ၆၆ လက်အောက်ခံ၊ ခလရ ၃၅ တပ်ထဲကို ခေါ်သွားပြီးစစ်နေတယ်” လို့ တာဝန်ကျရဲတဦးက ပြန်လည်ဖြေကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ ရက်နေ့ကလည်း သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့မှာ ပြောက်ကျားဝတ်စုံနဲ့ လူမှုကွန်ရက်မှာဓာတ်ပုံတင်သူ ၁ ဦးကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။